
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီး ၇ ကြိမ်၊ တိုက်လေယာဉ်နဲ့ ဗုံးအလုံးရေ ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာနဲ့ စစ်ကောင်စီတို့အကြား ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တလတာအတွင်း တိုက်ပွဲဖြစ်စဉ်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တပ်တွေကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် ၂ ယောက်၊ တပ်ကြပ်ကြီးအဆင့် တယောက် အပါအဝင် ၃၉ ယောက် သေဆုံးကာ ဒုတပ်ကြပ်တယောက် အပါအဝင် ၅၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်ရာ နေရာတွေလည်း ထိခိုက်ပျက်စီးခဲ့ရပြီး စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်