DVB Logo
Home
နိုင်ငံတကာ
ထိုင်းအလှမယ်ဟောင်း ဘုမ်ပနတ်ဒါးနှင့် ခင်ပွန်းတို့ ပရဟိတအလှူငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခံရ 
DVB
·
November 6, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်းနိုင်ငံမှာ ပရဟိတဖောင်ဒေးရှင်းထူထောင်ပြီး သဘာဝဘေးအန္တရာယ်အပါအဝင် တခြား ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မြေပြင်မှာ ကွင်းဆင်းပြီး ထဲထဲဝင်ဝင် ကူညီခဲ့တဲ့ ရုပ်သံတင်ဆက်သူ၊ ကြော်ငြာမယ်၊ ထိုင်းအလှမယ်ဟောင်း ဘုမ်ပနတ်ဒါးနဲ့ သူ့ခင်ပွန်း ဂေါ့တ်အထစ်ပ်တို့ဟာ  ပြည်သူပိုင် အလှူငွေတွေ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဘုမ်ပနတ်ဒါးဟာ သတင်းမီဒီယာတွေကို အင်တာဗျူးပေးဖို့ နိုဝင်ဘာ ၆ ရက် ဒီမနက် ၆ နာရီခွဲ လောက်က သူ့ရှေ့နေနဲ့အတူ အိမ်ရာရဲ့ အဝင်ဝဂိတ်ကို လမ်းလျှောက်လာစဉ်၊ သတင်းထောက်တွေ ကလည်း သူ့ကို စောင့်ဆိုင်းနေစဉ် ဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ရောက်လာပြီး ဖမ်းဝရမ်းစာနဲ့အတူ စွဲချက်တင်ထားတဲ့ အချက်တွေ ဖတ်ပြကာ ဖမ်းဆီး ခေါ် ဆောင်သွားခဲ့တာပါ။

ဗဟိုရဲတပ်ဖွဲ့က သူ့ကို မမှန်ကန် အချက်အလက်တွေ ဖော်ပြတဲ့ ကွန်ပြူတာဥပဒေ၊ ပူးပေါင်း ငွေကြေးခဝါချမှု၊ အများပြည်သူလိမ်လည်မှု စတဲ့ စွဲချက် ၃ ချက်ကို ဖတ်ပြပြီး သူ့အနေနဲ့  ရှေ့နေခေါ်ခွင့်၊ အယူခံဝင်ခွင့်၊ သက်ဆိုင်သူမိသားစုဝင်တွေကို အသိပေးခွင့် စတဲ့ အခွင့်အရေးတွေ ရှိကြောင်း ဖတ်ပြခဲ့ပါတယ်။

ဘုမ်ပနတ်ဒါးကလည်း စွဲချက်တွေကို မျက်နှာမပျက် အပြုံးနဲ့ လက်ခံပြီး တာဝန်ရှိသူတွေနောက် အသာတကြည် လိုက်သွားခဲ့ပါတယ်။

သူ့ရဲ့ ခင်ပွန်းဖြစ်သူ ဂေါ့တ် အထစ်ပ် ကတော့ ဒီက‌နေ့မနက် ၈ နာရီကျော်မှာ ကိုယ်ပိုင်ကားနဲ့ ဗဟို စုံစမ်းစစ်ဆေးရေး ရဲဌာနချုပ်ထံ ရောက်ရှိလာပြီး အဖမ်းခံခဲ့ပါတယ်။

သူဟာ အဆောက်အအုံမှားပြီး ဝင်ရောက်သွားတာကြောင့် ရဲတွေက သွားကြိုလာပြီး စုံစမ်း စစ်ဆေးရေးဌာနကို ခေါ်ဆောင်ခဲ့တယ်၊ အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင်မျက်မှန်နဲ့ အနက်ရောင် Mask ကို တပ်ထားပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုတော့ တလုံးတပါဒမှ ဖြေကြားပေးခြင်း မရှိပါဘူး။ ဂေါ့တ်အထစ်ပ်ဟာလည်း သူ့ဇနီးနဲ့အတူ ပူးပေါင်းငွေကြေးခဝါချမှု၊ အများပြည်သူ လိမ်လည်မှုတွေနဲ့ စွဲချက်တင်ခံထားရတာပါ။

ထိုင်းနိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ရာဇဝတ်မှုဥပ‌ဒေအရ ပြည်သူတွေကို လိမ်လည်မှုမှာ ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ငွေဒဏ် ၂ ရပ်လုံး၊ ငွေကြေးခဝါချမှုမှာ ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ၊ ဒါမှမဟုတ် ထောင်ဒဏ် ငွေဒဏ် ၂ ရပ်လုံး၊ ကွန်ပြူတာဥပ‌ဒေမှာ ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ် ငွေဒဏ် ၂ ရပ်လုံး ကျခံရနိုင်တာ ဖြစ်ပါတယ်။

လက်ရှိ အသက် ၅၀ အရွယ် ဘုမ်ပနတ်ဒါးမှာ ဘန်ကောက်မှာမွေးဖွားပြီး ရုပ်ရည် ချောမောလှပတာ ကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရဲ့ ၃၇ ယောက်မြောက် အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ ဩစတြေးလျနိုင်ငံမှ စီးပွားစီမံမဟာဝိဇ္ဇာဘွဲ့၊ Assumption University ကနေ Ph.D ‌ဒေါက်တာဘွဲ့ကို ရခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ ကိုယ်ပိုင်ငွေ ဘတ်သန်းပေါင်း ၃၀ နဲ့  Good Deeds Foundation ထူထောင်ပြီး ကိုဗစ်-၁၉ ဝေဒနာရှင်တွေ၊ ရေဘေး၊ မီးဘေးနဲ့ တခြားအခက်အခဲ အမျိုးမျိုး ကြုံနေသူ ပြည်သူတွေကို ကူညီခဲ့ပါတယ်။

တဖက်မှာလည်း တီဗွီပရီစင်တာ၊ ကြော်ငြာမယ်၊ ရုပ်ရှင်သရုပ်ဆောင်တွေ လုပ်ခဲ့သလို စီမံစီးပွား ဝန်ကြီးဌာန အတိုင်ပင်ခံ၊ ယဉ်ကျေးမှုသံတမန် ခန့်အပ်ခံခဲ့ရကာ လူမှုထူးချွန်ဆုလည်း ရခဲ့ပြီး ကမ္ဘောဒီးယားနယ်စပ်အရေးမှာ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။

နာမည်ကြီးအလှမယ်က ပရဟိတလက်တွေ့ ထဲထဲဝင်ဝင် လုပ်ပြတာကြောင့် ထိုင်းမှာသူ့အပေါ် ယုံကြည်စိတ်ချသူ အလွန်များပြီး အလှူငွေ ဘတ်သန်းပေါင်း ရာနဲ့ချီ ရခဲ့တယ်။ ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ ၂၀၂၆ ခုနှစ်ထိ အလှူရှင်ပေါင်း ၉၀၀,၀၀၀ ကျော်ထံကနေ လက်ခံရရှိခဲ့တဲ့ အလှူငွေ ဘတ်သန်းပေါင်း ၁,၈၀၀ ကျော်ထိ ရှိလာတယ်။ ဒါပေမဲ့ အလှူငွေရဲ့ ၂၀ ရာခိုင်နှုန်းသာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့ပြီး ကျန်ငွေတွေကို သူရော သူ့ခင်ပွန်းကပါ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုနဲ့  အိမ်ထောင်အသုံးစရိတ်တွေမှာ သုံးစွဲခဲ့တာ စစ်ဆေး တွေ့ခဲ့ပါတယ်။

လောလောဆယ် သက်ဆိုင်ရာက သူ့ရဲ့ ဘဏ်‌ငွေစုစာရင်းစာအုပ် ၁၈ အုပ်မှာ ဘတ်သန်းပေါင်း ၁၀၂ သန်းကို သိမ်းဆည်းလိုက်ပြီး နောက်ထပ်လည်း ဖောင်ဒေးရှင်းက ဘဏ်စာရင်းစာအုပ် ၃၀ ကျော် စစ်ဆေးသိမ်းဆည်းဖို့ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သူဟာ အမျိုးသား ၄ ယောက်နဲ့ တွဲခဲ့ပြီး ၃ ယောက်နဲ့ လက်ထပ်ခဲ့တယ်၊ ပထမဆုံး အိမ်ထောင်နဲ့ အသက် ၂၀ နှစ်အရွယ် တက္ကသိုလ်တက်နေတဲ့ သမီးတယောက် ရှိတယ်။ နောက်ဆုံးအိမ်ထောင် ဖြစ်တဲ့ ဂေါ့တ်နဲ့ ၄ နှစ်အရွယ်နဲ့ ၂ နှစ်အရွယ် သား ၂ ယောက် ရှိပါတယ်။ ဂေါ့တ်ဘက်ကလည်း အရင်ဇနီးဟောင်းနဲ့ သမီး ၃ ယောက် ရှိပါတယ်။ ကလေး ၆ ယောက်လုံးနဲ့ ဘုမ်ရဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးကို သူတို့လင်မယားက ကျွေးမွေး စောင့်ရှောက်ထားပါတယ်။

ဒီမတိုင်ခင်က ဂေ့ါတ်ဟာ ထိုင်းအရှေ့မြောက်ပိုင်း နခွန်းနာယုဒ်ခရိုင်မှာ ဧက ၅၀ ကျော်ရှိ မြေကွက်ထဲ အိမ်ရာဆောက်လုပ်နေတယ်၊ ဒါပေမဲ့ အဲဒီမြေဟာ ကျူးကျော်နယ်မြေထဲ ပါနေတယ်ဆိုပြီး CSI LA စာမျက်နှာက စတင်ဖော်ထုတ်လိုက်ပါတယ်။ အဲဒီနောက် အဆောက်အအုံနဲ့ ကန်ထရိုက်တာတွေပါ စစ်ဆေးခံရတယ်။ အဲဒီနေရာအပြင် နောက်ထပ် ဆောက်လုပ်ဆဲ ရေကူးကန်ပါ အိမ်ရာနဲ့ ဖောင်ဒေးရှင်းရဲ့ အဆောက်အအုံ ဆောက်လုပ်မှုတွေပါ စစ်ဆေးခံရပါတယ်။

ဘုမ်ပနတ်ဒါးကတော့ ကျူးကျော်မြေထဲ အဆောက်အအုံကိစ္စ သူလုံးဝမသိရကြောင်း၊ ခင်ပွန်းဖြစ်သူဟာ မိမိသမီးလိုချစ်ရတဲ့ တပည့်နဲ့ အိမ်ထောင်ရေးဖောက်ပြန်တာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အိမ်ထောင်ရေး ပျက်ခဲ့တယ်။ ခင်ပွန်းဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့အပြင် သားသမီး‌ရှေ့ရေးအတွက် သိမ်းထားတဲ့ ဘတ် ၇ သန်းပါ ခိုးယူသွားတယ်၊ အိမ်ထောင်ရေး အဆင်မပြေပေမဲ့ နာမည်ပျက်မှာစိုးတာ၊ သားသမီးတွေ မျက်နှာငယ်မှာ စိုးတာကြောင့် လူသိရှင်ကြား မကွာရှင်းခဲ့ဘူး၊ ဒါပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ အကြွေးရှင်တွေက သူ့ဆီမှာ မကြာခဏ အကြွေး လာတောင်းတယ်၊ ဖောင်ဒေးရှင်းဆောက်ဖို့ ကန်ထရိုက်တာထံ လွှဲထားတဲ့ သန်းနဲ့ချီတဲ့ ငွေတွေကို ပြန်လွှဲယူတယ်၊ ဒါကြောင့် မှတ်ပုံတင်ရုံးမှာ တရားဝင် ကွာရှင်းတော့မယ်လို့ သတင်းစာရှင်းလင်း ကြေညာလိုက်ပါတယ်။

သူက သတင်းစာရှင်းလင်းပွဲကျင်းပချိန်မှာ အွိုင်းဆီဆိုသူ အလှူရှင်တယောက်ကလည်း သူ့ရဲ့ ဖောင်ဒေးရှင်းက အလှူငွေစာရင်းတွေ အယုံအကြည်မရှိကြောင်း လိုက်ဖ်လွှင့် ပြောဆိုခဲ့တယ်၊ ဘုမ်ပနတ်ဒါးကလည်း သူ့ကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲမယ် ဆိုတာကြောင့် အဆိုပါ မိန်းကလေးက ဖောင်ဒေးရှင်းကို ပြန်လည်စစ်ဆေးဖို့ တိုင်တန်းပြီး တခြားအလှူရှင်တွေလည်း လာရောက် တိုင်တန်းကြဖို့ နှိုးဆော်ရာက စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ပြီး ခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ အနှစ် ၂၀ ကျော် ကြော်ငြာလုပ်ပေးနေတဲ့ bennett ဆပ်ပြာကုမ္ပဏီကလည်း သူနဲ့ လုပ်ငန်းရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

Source: MGROnline / The Nation / Naewna / 3 PLUS News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013