
အိန္ဒိယနိုင်ငံထဲမှာ တရားမဝင်အထောက်အထားအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာ ကျောင်းသား ၆ ယောက်ကို နယ်ခြားစောင့် ထောက်လှမ်းရေးအဖွဲ့က သီးခြားစစ်ဆင်ရေး ၂ ခု အတွင်း ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း The Times of India သတင်းမှာ မေ ၄ ရက်က ဖော်ပြပါတယ်။
အိန္ဒိယ ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့ (SSB) တာဝန်ရှိသူတွေရဲ့ ကနဦး အစီရင်ခံစာတွေမှာတော့ အဆိုပါ ပုဂ္ဂိုလ်တွေဟာ တရားဝင်နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် ဗီဇာမရှိဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်တွေအတွင်း မီဇိုရမ်ပြည်နယ်ကတဆင့် အိန္ဒိယနိုင်ငံထဲ တရားမ၀င် ဝင်ရောက်ခဲ့ကြတယ်လို့ ဖော်ပြခဲ့သလို သူတို့ဆီမှာ အိန္ဒိယနိုင်ငံသားမှတ်ပုံတင်ကတ်တွေ၊ မဲဆန္ဒရှင်အိုင်ဒီကတ်တွေနဲ့ အခွန်ဆောင် PAN ကတ်တွေ အပါအဝင် အတုပြုလုပ်ထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယ ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့ (SSB) အရာရှိတဦးက “ဒီပုဂ္ဂိုလ်တွေဟာ နာဂလန်း မှာရှိတဲ့ Witter Theological College မှာ ကျမ်းစာဘွဲ့သင်တန်းကို တက်ရောက်ခဲ့ပြီး အဲဒီမှာ ၂၀၂၃ ခုနှစ်ကတည်းက နေထိုင်ခဲ့ကြပါတယ်။ အားလပ်ရက်မှာတော့ သူတို့က ဆီလီဂူရီမြို့ကို ကျောင်းက တခြား အိန္ဒိယနဲ့ နီပေါ ကျောင်းသားတွေနဲ့အတူ အုပ်စု သုံးစုခွဲ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပထမတစုမှာတော့ ကျောင်းသား ၉ ယောက် ပါဝင်ပြီး အဲဒီထဲမှာ သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသား ၃ ယောက် ပါဝင်နေတာဖြစ်ပြီး သူတို့ နီပေါဘက်က Happy Land Adventure Park ကို ဖြတ်ကူးဖို့ ကြိုးစားချိန်မှာ ဖမ်းမိခဲ့တာဖြစ်ကာ နာရီပိုင်းအကြာမှာပဲ နောက်အုပ်စု ၂ စုက ကျန်တဲ့ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၂၈ နှစ်အကြား လူငယ်တွေဖြစ်ပြီး လတ်တလောမှာ သူတို့ကို တရားရုံးမှာ စွဲချက်တင်ခဲ့ပြီး ၁၄ ရက်ကြာ ဖမ်းဆီး ထားတယ်လို့ အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။
Source : The Times of India