Home
ဆောင်းပါး
သရီးဒိုင်းမစ်ရှင်း တော်လှန်ရေး၊ အကောင်းမြင်တော်လှန်ရေး
DVB
·
May 4, 2025

တော်လှန်ရေးလို့ ပြောလိုက်ရင် တချို့က အကောင်းမြင်တယ်။ တော်လှန်ရေး လုပ်နေပါတယ်လို့ ဆိုလိုက်တာနဲ့ အထင်ကြီးပစ်လိုက်တာပဲ။ ရက်ရောပစ်လိုက်တာပဲ။ လှူပစ်လိုက်တာပဲ။ ကူညီစရာရှိတာ ကူညီလိုက်ကြတာပဲ။ ဒီတော်လှန်ရေးသမားကို မဆန်းစစ်တော့ဘူး။ တော်လှန်ရေးအပေါ် အကောင်းမြင်တဲ့စိတ်ကြောင့် တော်လှန်ရေးလို့ ပြောလိုက်ရင် အရာရာ အကောင်းမြင်တဲ့အတွက် တဖက်က တော်လှန်ရေးကို ခုတုံးလုပ်ပြီး လုပ်စား လိမ်စားချင်နေတဲ့သူတွေရဲ့ အကွက်ထဲဝင်သွားပါတယ်။ ‌တော်လှန်ရေးအပေါ် အကောင်းမြင်တာ မကောင်းဘူးလားလို မေးစရာတော့ရှိပါတယ်။ မကောင်းတာမဟုတ်ပေမဲ့ မဆိုးရုံတမယ်ပါပဲ‌လိုပဲ ပြောရမှာပါ။

တကယ်တော့ တော်လှန်ရေးအပေါ် အရာရာ အကောင်းမြင်တာဟာ မသင့်တော်ပါဘူး။ ပကတိအခြေအနေမှန်နဲ့ ဝေးကွာသွားစေပါတယ်။ မြန်မာပြည်ရဲ့ တော်လှန်ရေးကို အကောင်းမြင်ပြီး သုံးသပ်လိုက်သောအခါ၊ အဓိကအားဖြင့် ပြောင်းလဲမှုများနဲ့ ရရှိနိုင်သော အခွင့်အလမ်းတွေကိုလည်း ထင်ထင်ရှားရှားတော့ ကောင်းစွာမြင်နိုင်ပါတယ်။

ပြည်သူလူထုရဲ့ အသိပညာမြင့်တက်မှုအပိုင်းမှာဆိုရင် တော်လှန်ရေးကြောင့် ပြည်သူတွေရဲ့ နိုင်ငံရေးသဘောထားနဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေဟာ သိသိသာသာ မြင့်မားလာတာတွေ့ရပါတယ်။

အရင်က စစ်အာဏာရှင်လက်အောက်မှာ အာဏာရှင်စနစ်ကို ခံယူခဲ့ရတဲ့ ပြည်သူတွေဟာ ဒီမိုကရေစီတန်ဖိုးကိုပိုမို နားလည်လာကြပြီး လွတ်လပ်ခွင့်နဲ့ တာဝန်ဝတ္တရားများအပေါ် ပိုမို ဝိုင်းဝန်းပါဝင်လာကြတာ တွေ့ရပါတယ်။

လူငယ်တွေရဲ့ ပါဝင်မှုဟာဆိုရင် ဟိုးအ‌ရင်က တော်လှန်ရေးကာလများထက် ပိုမိုပါဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာ့တော်လှန်ရေးမှာ လူငယ်တွေဟာ အဓိက ဦးဆောင်သူအဖြစ် ပါဝင်နေပါတယ်။ အနာဂတ်ကို ခိုင်မာစွာ တာဝန်ယူလိုသော လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာပြီး နည်းပညာအသုံးချမှု၊ လူမှုရေးလှုပ်ရှားမှုတွေနဲ့ စွမ်းဆောင်နိုင်မှုတွေ အနေနဲ့ အားသာချက်တွေကို ထင်ထင်ရှားရှား တွေ့ရှိနေရပါတယ်။

ပြည်ပအသိုက်အဝန်းနဲ့ ချိတ်ဆက်မှုတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း အထိုက်အလျောက် တိုးတက်မှုတွေကို မြင်တွေ့ရမှာပါ။

တော်လှန်ရေးဟာ ပြည်တွင်းမှာသာမက ပြည်ပတွင်ပါ သက်ရောက်မှုရှိလာပါတယ်။ နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို နားလည်လာကြပြီး ပြည်သူဘက်ကနေ ခံတပ်သဖွယ် ထောက်ခံမှုတွေ ရရှိလာကြပါတယ်။

စာနယ်ဇင်းနဲ့ သတင်းလွှာကဏ္ဍတွေမှာဆိုရင်လည်း ပိုမိုလွတ်လပ်စွာဖန်တီးလာနိုင်ကြတာ တွေ့ရပါတယ်။ လိုအပ်ချက်ဟာ တီထွင်မှုရဲ့ မိခင်မဟုတ်လား။ ဖိနိုပ်မှုရှိလေ ပိုမိုရုန်းကန်ကြရလေ။ ပိုလှုပ်ရှား ရလေမဟုတ်လား။

တော်လှန်ရေးရဲ့ သက်ရောက်မှုကြောင့် မီဒီယာတွေဟာ မတော်တဆလွတ်လပ်မှု ပိုမိုရလာပြီး အမှန်တရားတွေကို ပြည်သူလူထုဆီကို ပိုပြီးအစီရင်ခံနိုင်လာပါတယ်။ သတင်းထောက်တွေဟာ တာဝန်ယူမှုနဲ့ ပြည့်စုံစွာ သတင်းပေးပိုနိုင်ဖို့ ကြိုးပမ်းနေကြတာ တွေ့ရမှာပါ။

အနာဂတ်အတွက် အခွင့်အလမ်းတွေကို ဆန်းစစ်တဲ့အခါမှာ တော်လှန်ရေးဟာ ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ အတွေ့အကြုံဖြစ်ပြီး အနာဂတ်မှာ လူထုလူတန်းစားအလွှာစုံမှ သင်ခန်းစာတွေယူကာ တာဝန်ယူမှု တာဝန်ခံမှုရှိသော အုပ်ချုပ်မှုစနစ် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်စရာရှိလာပါတယ်။

တော်လှန်ရေးဟာ ဘယ်လောက် ကြမ်းတမ်းခက်ထန်ပါစေ သင်ယူနိုင်စရာ သင်ခန်းစာတွေကတော့ ပြည်နှက်လို့နေပါတယ်။ ပြည်သူ့သဘောထားဟာ အရေးကြီးပြီး တိုင်းပြည်အနာဂတ်ကို ဆောင်ကြဉ်းနိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် မျက်ဝါးထင်ထင် တွေ့ရမှာလည်း ဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုမှာ အဓိကပါဝင်သူတွေအဖြစ် မှတ်တမ်းတင်ခြင်း ခံရပါတယ်။ ပေးဆပ်ရတဲ့ တန်ဖိုးကတော့ ဘ၀နဲ့ အသက်ပါ။ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပိုမိုချိတ်ဆက်လာနိုင်ခြင်းဟာ မြန်မာ့အနာဂတ်အတွက် မဖြစ်မနေလိုအပ်ကြောင်း မီးမောင်းထိုးပြခြင်း ခံရပါတယ်။

အဆိုးမြင်တော်လှန်ရေး

ဘေးထိုင် ဘုပြော လူတော်တော်များများကတော့ တော်လှန်ရေးလို့ ပြောလိုက်တာနဲ့ အဆိုးတွေပဲ ပြောပါတယ်။ မြင်ပါတယ်။ တော်လှန်ရေးနဲ့ ခတ်ကင်းကင်း နေချင်ကြပါတယ်။ နိုင်ငံရေးသမားနဲ့ မပတ်သက်ချင်ဘူး။ တော်လှန်ရေးသမားတွေနဲ့ဆို မဆက်ဆံချင်ကြဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေ ထိခိုက်မခံနိုင်ကြဘူး။ အဆက်အသွယ် လုပ်ရမှာလည်း ကြောက်ကြတယ်။

တမင်တကာကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကြတယ်။ အဲဒီလူတွေပဲ ဒီမိုကရေစီခေတ်လို့ ပြောလို့ရတဲ့ အမေစုခေတ်ကဆိုရင် နိုင်ငံ‌ရေးသမားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ချဥ်းကပ်ချင်ကြတဲ့ ခရိုနီ ခရိုဝါ ခရိုပြာတွေဟာ အဖမ်းမခက်လှကြပါဘူး။

အဲဒီတုန်းကတော့ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေ ပတ်သက်ရင် သူတို့ အကျိုးစီးပွား အနည်းနဲ့ အများဆို ဖြစ်ကြတာကိုး။ အခုကျတော့လည်း သူတို့မဟုတ်သလိုပါပဲ။

သူငယ်ချင်း မိတ်ဆွေတွေလည်း ဘာထူးလို့တုံး။ ဟိုတုန်းကတော့ ကျနော်တို့လို တာဝန်တခုနဲ့ အစိုးရ အကြီးအကဲတွေနဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ်ခေါင်းဆောင်တွေဆို လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘယ်သူက လာရှင်းသွားမှန်းမသိအောင်ကို စေတနာတွေ ရှိလိုက်ကြတာ။ အခုတော်လှန်ရေးကာလလည်း ရောက်ရော တချို့ဆို ဖုန်းဆက်လည်း မကိုင်ရဲကြဘူး။ Online ပေါ်က အဆက်အသွယ်လုပ်လည်း သူတို့ မသိချင်ယောင်ဆောင်နေကြတဲ့သူတွေ အများကြီးပဲ။

မြန်မာ့တော်လှန်ရေးကို အဆိုးမြင်တဲ့အခါမှာ အောက်ပါအချက်တွေကို တွေးခေါ်ကြည့်နိုင်ပါတယ်။

စည်းလုံးမှုမတည်မြဲမှု

တော်လှန်ရေးအတွင်း အဓိကအားထားရတဲ့ အဖွဲ့အစည်းတွေအကြားမှာ အယူအဆတွေမတူကွဲပြားတာတွေ၊ ခြားနားမှုတွေက တစု တစည်းဖြစ်စေမှုကို ခက်ခဲစေနိုင်ပါတယ်။ တနည်းအားဖြင့် အလုပ်လုပ်ရတာ ခက်တယ်လို့ သိလာရပါတယ်။

စစ်ဘက်အင်အားမညီမျှမှု

စစ်ကောင်စီဘက်မှာ လက်နက်ကြီး၊ လက်နက်လေးတွေနဲ့ တိုက်ခိုက်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေးအားသာချက်က အချိန်ကြာလာတာနဲ့ အမျှ အနည်းနဲ့ အများ အားပျော့လာစရာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အားသားချက်ကို စိန်ခေါ်မိတဲ့အခါ ကိုယ်ဘက်က အလိုလိုအားနည်းနေတာမျိုးပါ။

နိုင်ငံတကာထောက်ပံ့မှုနည်းပါးမှု

တော်လှန်ရေးကို နိုင်ငံတကာက တိုက်ရိုက်လက်ခံဖို့ခက်ခဲပြီး အကူအညီမရတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အခု ကျနော်တို့ တော်လှန်ရေးက တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေအောက်ကို ရောက်ရောက်သွားတာ တွေ့ရပါတယ်။ ဥပမာ ယူကရိန်းနဲ့ ရုရှားအရေးနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အရေးကိစ္စ သဖြင့်ပေါ့။

စီးပွားရေးနှင့် လူနေမှုထိခိုက်မှု

တော်လှန်ရေးကြောင့် ပြည်သူလူထုအတွက် စီးပွားရေး အခက်အခဲတွေဖြစ်ပေါ်နိုင်ပြီး မတည်မငြိမ်ဖြစ်လာခြင်းတွေပါ။

တချို့ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော်တွေဟာ စစ်ရေး မဖော်ဆောင်သင့်တဲ့ စစ်မဲ့ဇုန်တွေ၊ ကြားခံဇုန်တွေမှာ စစ်ရေးဖော်ဆောင်မိတာတွေ ရှိပါတယ်။ အဲဒီအခါ ပြည်သူလူထုရဲ့ ထောက်ခံမှု ကျလာတာတွေ တွေ့ရပါတယ်။ ဥပမာ- မြန်မာနိုင်ငံမှာဆို ခရီးသွားလာရေးနဲ့ စီးပွားရှာရတဲ့ ပုဂံ‌ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို ကမ္ဘ့ာအမွေအနှစ်နေရာတွေဟာ စစ်ရေးဖော်ဆောင်လို့ ကောင်းတဲ့နေရာ၊ သင့်တဲ့နေရာတွေ မဟုတ်ဘူးလို့ ပြည်သူလူထုက သုံးသပ်ပါတယ်။ ဒေသခံ လူငယ်ခေါင်းဆောင် တချို့ရဲ့ အသံတွေကို ကျနော်တို့ ပြန်ကြားရပါတယ်။

အချိန်ကြာမြင့်မှု

တော်လှန်ရေး ကြာမြင့်လာတဲ့အခါ ပြည်သူ့ဝိုင်းဝန်းပါဝင်မှုနဲ့ လှုပ်ရှားမှုတွေ အားနည်းလာတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ အခုမှ မဟုတ် အရင်က သူတို့ဘိုးအေတွေဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်း မှန်သမျှက အချိန်ဆိုတဲ့ လက်နက်နဲ့ ကစားလာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျနော်တို့က အားနည်းလာပြီး သူတို့က အသက်ရှူပေါက်ချောင်လာပြီး ဂယ်ပေါက်တွေ ပွင့်လာပါတယ်။

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးနိုင်မှု

တော်လှန်ရေးမှာ အောင်မြင်မှု မရနိုင်ပါက စစ်အုပ်ချုပ်မှုက ပိုပြီးခိုင်မာလာနိုင်တာ တွေ့ရမှာပါ။ ဒါတွေက အဆိုးမြင်တဲ့ အချက်တွေပါပဲ။ ဒါပေမဲ့ တော်လှန်ရေးတိုင်းမှာ ချို့ယွင်းချက်တွေ ရှိနိုင်ပေမဲ့ ပြည်သူ့လူထုဘက်က တည်ကြည်မှုရှိရင် အောင်မြင်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေနိုင်တာလည်း တွေ့ရမှာပါ။

အမှန်မြင် တော်လှန်ရေး

ဒီအုပ်စုရဲ့ အခန်းကဏ္ဍဟာ ကျနော်တို့ တော်လှန်ရေးရဲ့ အသက်သွေးကြောပါပဲ။ ဒီအမှန်မြင် တော်လှန်ရေးစိတ် ရှိတဲ့သူတွေဟာ ဒီကာလအထိ တော်လှန်သူတို့ ဘက်က မားမားမတ်မတ် ရပ်တည်ကူညီနေကြတာ တွေ့ရပါတယ်။ ကျနော်တို့နဲ့ အတူရှိနေတဲ့ တကယ့် ရဲဘော်ရဲဘက်ကောင်းတွေပါပဲ။ ကျနော်တို့ဟာ တော်လှန်ရေးခရီးကြမ်း၊ ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ကြတာ အခုအချိန်ထိ အသက်ရှင်လျက်ရှိနေသေးတဲ့ အညတရ ရဲဘော်တွေထဲက ကလပ်စည်းတခုပါ။ အချိန်အခါမ‌ရွေး ကြွေလွင့်သွားနိုင်တဲ့ ရွက်သစ်တွေထဲက တရွက်ဆိုလည်းမ မှားပါဘူး။

မြန်မာ့တော်လှန်ရေးကို အမှန်မြင်ကြည့်တဲ့အခါ အောက်ပါအချက်တွေကို အသေးစိတ် ထပ်မံသုံးသပ်တွေ့ရှိရပါတယ်။

နံပါတ် (၁) တော်လှန်ရေး၏ အစွမ်းသတ္တိ

ပြည်သူ့ထောက်ခံမှုဟာ ၂၀၂၁ မှ စတင်ပြီး တော်လှန်ရေးဟာ လူထုလက်ခံမှုရှိခဲ့ပါတယ်။ စစ်အုပ်ချုပ်မှုကို မလိုလားတဲ့ ပြည်သူအများစုက ပံ့ပိုးနေကြပြီး အနည်းဆုံး ဆန္ဒဖော်ထုတ်မှု အနေနဲ့ ဝိုင်းဝန်းပါဝင်မှု ရှိတာတွေ့ရပါတယ်။

လူငယ်တွေနဲ့ PDF အင်အားဟာ မျိုးဆက်သစ်တွေ ပါဝင်လာခြင်း၊ နယ်မြေတချို့မှာ တော်လှန်ရေးတပ်တွေ (PDF) သီးသန့်လှုပ်ရှားနိုင်မှုတွေ တွေ့ရပါတယ်။

ရန်သူ့ဘက်ကတော့ စစ်ဘက်အနည်းငယ် အားနည်းလာမှုဟာ  စစ်တပ်ထဲမှာ အာဏာမတည်မြဲမှု၊ အုပ်ချုပ်ရေးပြဿနာတွေ ရှိနေပြီး စစ်သားများ dezert (ခွဲထွက်) လာတာတွေ ရှိနေတယ်ဆိုတာ တွေ့ရမှာပါ။

အားနည်းချက်တွေက ဘာတွေလဲ

စည်းလုံးမှုပြဿနာဟာ NUG၊ PDF၊ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ) တပြိုင်နက်တည်း မညီညွတ်မှုရှိတာကြောင့် အထွေထွေစီမံခန့်ခွဲမှုမှာ အခက်အခဲတွေရှိပါတယ်။

လက်နက်အင်အား မညီညွတ်မှုဟာဆိုရင် စစ်တပ်မှာ လက်နက်ကြီးတွေ ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ကျယ်ပြန့်လာတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေမှာ ကောင်းစွာ ခုခံမပေးနိုင်သေးပါ။

နိုင်ငံတကာထောက်ပံ့မှုဟာ မလုံလောက်ပါဘူး။ စစ်အာဏာရှင်ကို ကမ္ဘာက လက်မခံပေမဲ့ တိုက်ရိုက် စစ်ရေးထောက်ပံ့မှု မဖြစ်နိုင်သေးတာကြောင့် ပြည်တွင်းအားကို မူတည်ပြီး တော်လှန်ရေးကို လုပ်နေရပါတယ်။

အနာဂတ်အလားအလာ

စစ်ကောင်စီ တာဝန်လဲလှယ်နိုင်မှုဟာ စစ်တပ်အတွင်း ကွဲလွဲမှုတွေနဲ့အတူ စစ်ဘက်က တော်လှန်ရေးကို တိုက်ဖျက်နိုင်မယ့် အားသာချက်တွေလည်း အနည်းငယ် ထပ်ဆောင်းနေသေးတာ တွေ့ရပါတယ်။

တော်လှန်ရေး အားကောင်းလာနိုင်‌ခြေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ ပိုမိုပေါင်းစည်းလာခြင်း၊ စစ်ရေးနည်းပညာပိုင်း တိုးတက်လာခြင်းတိုကြောင့် အနာဂတ်မှာ အားကောင်းလာနိုင်ပါတယ်။

စီးပွားရေးနဲ့ ပြည်သူ့ဘဝ အခြေအနေဟာ တော်လှန်ရေး ကြာမြင့်လာတာကြောင့် ပြည်သူ့ဘဝကို သက်သာအောင် ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးနယ်မြေတွေမှာ ခေါင်းဆောင်လုပ်သူ တာဝန်ရှိတဲ့သူတွေအနေနဲ့ ပြည်သူလူထုကို ဗဟိုပြုပြီး အုပ်ချုပ်စီမံမှုတွေကို အလေးပေးလုပ်ဖို့ လိုပါတယ်။

အမှန်မြင်ကို သုံးသပ်ကြည့်မယ်ဆိုရင် တော်လှန်ရေးမှာ အားသာချက်တွေ၊ အားနည်းချက်တွေ နှစ်မျိုးလုံး ရှိနေသေးတယ်။ တာရှည်စွာ အောင်မြင်ဖိုဆိုရင်

၁။ စည်းလုံးမှုကို တည်မြဲစေဖို့ လိုပါမယ်။

၂။ တော်လှန်ရေးအင်အားကို ပိုမိုအားကောင်းလာစေရပါမယ်။

၃။ ပြည်သူ့ဘဝနဲ့ စီးပွားရေးထိခိုက်မှုကို ဖြေရှင်းဖို လိုအပ်ပါတယ်။

အနှစ်ချုပ် သုံးဘက်မြင်

မြန်မာ့တော်လှန်ရေးမှာ လမ်းကြောင်းရှုပ်ထွေးပေမဲ့ တည်ကြည်မှုရှိရင် အောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေဆဲပါ။

မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ မတည်ငြိမ်မှုတွေနဲ့  ပြဿနာတွေထဲကနေ တိုးတက်မှု အလားအလာတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ တကယ်အလုပ်လုပ်သူတွေ သိကြပါတယ်။

နောင်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်တံ့ခိုင်မြဲစေဖို့ စဉ်ဆက်မပြတ် ပိုမိုကြိုးပမ်းမှုတွေ လုပ်ဖို့ ပြည်နယ်အသီးသီးက ခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ ဒိုင်မေးရှင်း သုံးခုကို မြင်ဖို့ လိုအပ်နေပါသေးတယ်ဆိုတာ တင်ပြရင် နိဂုံးချုပ်လိုက်ပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024