Home
ဆောင်းပါး
ချည့်နဲ့နိုင်ငံတော် သို့မဟုတ် တော်လှန်စစ်ထဲက မြန်မာ
DVB
·
April 30, 2025

ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က ရွာတရွာမှာ ကျနော် နေလာတာ ၂ နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဏာမသိမ်းခင် ပြည်မမှာတုန်းက ကျနော်ဟာ ခရိုင်တခုရဲ့ လူငယ်ရေးရာ အတွင်းရေးမှူးတာဝန်၊ တိုင်းတခုမှာ ခရိုင်လူငယ် ကိုယ်စားလှယ်တာဝန်နဲ့ ကိုယ့်အရပ် ကိုယ့်ဇာတ်မှာ ကိုယ်ဟာ လူငယ်ခေါင်းဆောင်၊ လူထုရဲ့အားကိုးရာ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်သူ။ စီးပွားရေးအရ ကြည့်မယ်ဆိုလည်း လူငယ်တွေအတွက် လူငယ်ဘုံတည်းခိုရိပ်သာတခု ဖွင့်ထားနိုင်ခဲ့တယ်။ စာကြည့်တိုက်ပါ တွဲလျက် ဖွင့်ပေးနိုင်ခဲ့တယ်။ စူပါကာစတန် ကားတစီးပါ ဝန်ဆောင်မှုအတွက် အဆင်သင့် အနေအထား ရှိခဲ့တယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်ဥက္ကဋ္ဌတွေ၊ အသိပညာ အတတ်ပညာရှင်တွေနဲ့ မြို့ခံလူထုကို တွေ့ဆုံဆွေးနွေး ဖလှယ်ခွင့် ပေးနိုင်ခဲ့တယ်။ စကားဝိုင်းတွေ လုပ်ပေးနိုင်ခဲ့တယ်။ အစုန်အဆန် စာပေဆွေးနွေးပွဲတွေ လုပ်ပေးနိုင်ခဲ့တယ်။

ကျနော်တို့ ပြည်သူလူထုရဲ့ အာဏာကို စစ်ကောင်စီက မသိမ်းပိုက်ခင်အချိန်က နိုင်ငံတော်ရဲ့ ကျန်းမာရေးက အထိုက်အလျောက် အားကောင်းပါတယ်။ ကျနော်တို့တွေ နိုင်ငံတော်ရဲ့ တာဝန်တွေကို ကိုယ်စီ နိုင်ရာထမ်းရွက်ခဲ့ကြပါတယ်။ အခုတော့ ကျနော်တို့နိုင်ငံတော်က ချည့်နဲ့နိုင်ငံတော်တခုလို ဖြစ်လာနေတဲ့အတွက် ဘာမှ သိပ်ပြီး လုပ်လို့မရတော့ပါဘူး။

“အားနည်းတဲ့နိုင်ငံတော်” ဆိုတာဟာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး (International Relations) နယ်ပယ်ထဲမှာ အသုံးများတဲ့ ဝေါဟာရတခုပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ရင်းကတော့ နိုင်ငံတော်တခုမှာ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ နိုင်ငံရေးစနစ်၊ လူမှုအခြေအနေ၊ အုပ်ချုပ်ရေးစွမ်းအားတို့ အနည်းငယ် သို့မဟုတ် ချို့ယွင်းနေပြီး နိုင်ငံတကာက နိုင်ငံကြီးများရဲ့ သက်ရောက်မှု (influence) တွေ၊ ဖိအားတွေကို မလွတ်မြောက်နိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေကို ခေါ်တာပါ။

ဘယ်လိုလက္ခဏာတွေလဲဆိုတော့…

(၁) စီးပွားရေး အားနည်းခြင်း

(၂) အုပ်ချုပ်ရေးစနစ် အကြောင်းအရာ မပြည့်စုံခြင်း (တရားဥပဒေမတည်ကြည်ခြင်း၊ မတရားအဖွဲ့အစည်းများ အုပ်ချုပ်ခြင်း)

(၃) နိုင်ငံတော်အတွင်း ပဋိပက္ခများရှိခြင်း

(၄) နိုင်ငံတကာ ပံ့ပိုးထောက်ခံမှုအပေါ် များစွာ မှီခိုနေခြင်း

(၅) တရားဥပဒေစိုးမိုးမှု နည်းပါးခြင်း

(၆) အကျိုးစီးပွား နယ်ပယ်အတွင်း နိုင်ငံခြား နိုင်ငံများထံမှ ဖိအားများခံရခြင်း

(ဥပမာ) အာဖရိကနဲ့ အာရှထဲက တချို့သောနိုင်ငံများ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ‌ဟေတီ တို့ကို ကြည့်နိုင်ပါတယ်။

ကျနော်တို့နိုင်ငံလို တော်လှန်စစ် (Revolutionary War or Civil War) ထဲက နိုင်ငံတော်တွေကတော့ ပုံမှန် နိုင်ငံတော်တခုလို အပြည့်အစုံ တည်မြဲပြီး အုပ်ချုပ်မှုစနစ်တခု မဟုတ်တာ များပါတယ်။ တော်လှန်စစ်တွေအတွင်း နိုင်ငံတော်တွေရဲ့ ပုံစံတွေက သာမန်အချိန်တွေထက် တော်တော်များများ အနည်းငယ်တော့ ထူးခြားပါတယ်။

တော်လှန်စစ်ထဲက နိုင်ငံတော်များရဲ့ ပုံစံတွေကို လေ့လာကြည့်တဲ့အခါ…

၁။ အာဏာခွဲခြားမှု မကောင်းခြင်း

တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးတိုးတက်မှု မပြည့်စုံမှုတွေက အစ စစ်တပ်ဦးဆောင်မှုနဲ့ တော်လှန်အဖွဲ့အစည်းတွေကပဲ နိုင်ငံတော်အဖြစ် လည်ပတ်နေတတ်ပါတယ်။

၂။ တော်လှန်အုပ်ချုပ်မှု နိုင်ငံတော်

တော်လှန်အဖွဲ့တချို့က အချို့မြို့နယ်၊ တိုင်းဒေသကြီးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ် တည်ဆောက်တတ်ကြပါတယ်။

တော်လှန်အစိုးရ (Revolutionary Government) သို့မဟုတ် တော်လှန်ရေးသမားများက  အုပ်ချုပ်ရေးစနစ်များ ဖွဲ့တည်တတ်ပါတယ်။

၃။ နိုင်ငံတော် တည်နေရာ မတိကျခြင်း

တော်လှန်စစ်အတွင်းမှာ တော်လှန်အဖွဲ့တွေဟာ တစိတ်တပိုင်းကို ထိန်းချုပ်ပြီး တော်လှန်နိုင်ငံတော် ဆိုပြီး သတ်မှတ်တတ်ပါတယ်။

တော်လှန်စစ်အတွင်း နယ်မြေအချို့သာ ထိန်းချုပ်နိုင်တဲ့အတွက် နိုင်ငံတော်တခုအဖြစ် ကမ္ဘာတဝန်း တရားဝင်အသိအမှတ်ပြုမှု မရတာများပါတယ်။

၄။ တပ်မတော်အခြေခံမှု

တော်လှန်စစ်ထဲက နိုင်ငံတော်တွေက တော်လှန်တပ်ဖွဲ့များက အာဏာအခြေခံပြီး တော်လှန်အစိုးရကို တည်ဆောက်တတ်ကြပါတယ်။

ဥပမာ - တရုတ်တော်လှန်စစ် (Chinese Civil War) ထဲက တော်လှန်အဖွဲ့ (Communist Party of China) ဟာ တော်လှန်အုပ်ချုပ်မှုနဲ့ နိုင်ငံတော်တခုလို တည်ဆောက်ခဲ့တာ တွေ့ရမှာပါ။

မြန်မာ့တော်လှန်စစ်ထဲမှာတောင် တော်လှန်အဖွဲ့တချို့က ကိုယ်ပိုင်နယ်မြေအတွင်း နိုင်ငံတော်လို စနစ်တခု တည်ဆောက်ခဲ့ပါတယ်။ ယခု မြန်မာ့တော်လှန်စစ်နဲ့ဆိုင်တဲ့ နိုင်ငံတော်သစ်ဖြစ်လာမည့် ပုံစံတွေကတော့  ခန့်မှန်းရ အတော်ခက်လာပါတယ်။ အမေရိကန်နိုင်ငံ စတင်ခဲ့တဲ့ ပုံစံမျိုးတောင် ဖြစ်လာနေပြီလို့ ပြောလို့ရပါတယ်။

ကွန်ဖက်ဒရေးရှင်းပုံစံ ပေါက်လာပါတယ်။ ပြည်နယ်တိုင်းက ကိုယ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေပုံစံတွေနဲ့ သွားနေတာ တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ် ကျဆုံးသွားတဲ့ အချိန်ကျမှ လွတ်လပ်တဲ့ပြည်နယ်တွေ ပေါင်းပြီး ပြည်ထောင်ပေါင်းစု ပြည်ထောင်စု ဆိုပြီး ဖက်ဒရယ်စနစ်နဲ့ နိုင်ငံတော်သစ်တခု ဖြစ်လာစရာ ရှိပါတယ်။

အနှစ်ချုပ်အနေနဲ့ သုံးသပ်ရရင် ချည့်နဲ့နိုင်ငံတော်ကနေ ကျဆုံးနိုင်ငံတော် ဖြစ်မသွားခင် တော်လှန်ရေးဘက်က စစ်ရေးအားသာချက်၊ နိုင်ငံရေးအားသာချက်တွေ အရယူပြီး ရန်သူစစ်ကောင်စီကို အလဲထိုးနိုင်မှသာ စစ်ကောင်စီ အသက်ထွက်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီ အသက်မသေရင် မြန်မာနိုင်ငံတော်ကတော့ ကျဆုံးနိုင်ငံတော်အဆင့်သို့ ရောက်သွားနိုင်တဲ့ အခြေအနေတွေ ရောက်သွားနိုင်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024