DVB Logo
Home
မြန်မာသတင်း
ဟိမဝန္တာ၌ ၂၃ နှစ်အတွင်း နှင်းကျဆင်းမှု အနည်းဆုံးဖြစ်၊ မြန်မာအပါအဝင် ဒေသတွင်း ရေအခက်အခဲ ဖြစ်နိုင် 
DVB
·
April 22, 2025
ဟိမဝန္တာ၌ ၂၃ နှစ်အတွင်း နှင်းကျဆင်းမှု အနည်းဆုံးဖြစ်၊ မြန်မာအပါအဝင် ဒေသတွင်း ရေအခက်အခဲ ဖြစ်နိုင် 
Donate to DVB

ဟိမဝန္တာတောင်တန်းမှာ နှင်းကျဆင်းမှုက နှစ်ပေါင်း ၂၃ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့တာကြောင့် ရေအတွက် မှီခိုနေရတဲ့ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းက လူပေါင်း ၂ ဘီလီယံနီးပါးကို ခြိမ်းခြောက်နေတဲ့အကြောင်း သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

နီပေါနိုင်ငံအခြေစိုက် တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (ICIMOD) က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလို သတိပေးထားတာဖြစ်ပြီး ဟိမဝန္တာတောင်တန်းမှာ မြေပြင်ပေါ် နှင်းကျနေတဲ့ အချိန်မှာ ပုံမှန်အောက် ၂၃ ဒသမ ၆ ရာခိုင်နှုန်းထိ သိသိသာသာ ကျဆင်းသွားကာ ဒါက ၂၃ နှစ်အတွင်း အနိမ့်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဖဂန်နစ္စတန်ကနေ မြန်မာနိုင်ငံအထိ ဖြန့်ကြက်ထားတဲ့ ဟိန္ဒူကူရှ်-ဟိမဝန္တာ တောင်တန်းက အာတိတ်နဲ့ အန္တာတိကအပြင်ဘက်က ရေခဲတွေနဲ့ ဆီးနှင်းတွေကို အကြီးဆုံးသော ထိန်းသိမ်းထားရာ နေရာဖြစ်ကာ ဒေသတွင်း လူပေါင်း ၂ ဘီလီယံနီးပါးအတွက် ရေချိုအရင်းအမြစ်လည်း ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါက ၃ နှစ်ဆက်တိုက် ဖြစ်လာတာဖြစ်ပြီး ဒီလေ့လာမှုကနေ မြစ်အောက်ပိုင်းစီးဆင်းမှု အလားအလာ၊ မြေအောက်ရေကို မှီခိုအားထားမှု၊ မိုးခေါင်ရေရှားမှုအန္တရာယ်တွေကို မြင့်မားစေနိုင်တယ်လို့လည်း သတိပေးထားတာပါ။

ICIMOD အစီရင်ခံစာကို ဦးဆောင်ရေးသားသူတယောက်ဖြစ်တဲ့ ရှာမိုဟာမက်ဒ်က အခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ဆီးနှင်းတွေ ကျဆင်းခဲ့ပြီး ဆောင်းရာသီမှာ ပျမ်းမျှအားဖြင့် နည်းပါးနေသေးတယ်လို့  AFP သတင်းဌာနကို ပြောထားပါတယ်။

ဒေသတွင်းနိုင်ငံအများအပြားက လာမယ့် ရိတ်သိမ်းချိန်အတွက် မိုးခေါင်ရေရှားမှု သတိ ပေးချက်တွေ ထုတ်ပြန်ထားကြပြီး ဖြစ်ပေမဲ့ ကာလရှည်ကြာ ပိုမိုပူပြင်းတဲ့ အပူလှိုင်း အန္တရာယ်တွေနဲ့ မကြာခဏ ကြုံတွေ့နေရတဲ့ လူဦးရေတွေအတွက် ရေရရှိရေးဟာလည်း အန္တရာယ်ရှိအဆင့် ဖြစ်လာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ICIMOD အဖွဲ့ကိုတော့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခုအစီရင်ခံစာထဲမှာတော့ ဒေသတွင်း အဓိက မြစ်ဝှမ်း ၁၂ ခုကို မှီခိုအားထားနေရတဲ့ နိုင်ငံတွေအနေနဲ့ ပိုမို ကောင်းမွန်တဲ့ ရေစီမံခန့်ခွဲမှု၊ မိုးခေါင်ရေရှားမှု ကြိုတင်ပြင်ဆင်မှု၊ ပိုမိုကောင်းမွန်တဲ့ ကြိုတင်သတိပေးစနစ်တွေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တရုတ်နဲ့ မြန်မာနိုင်ငံတွေအတွက် ရေပေးဝေရာ အရှေ့တောင်အာရှ အရှည်လျားဆုံး မြစ်နှစ်စင်းဖြစ်တဲ့ မဲခေါင်မြစ်နဲ့ သံလွင်မြစ်ဝှမ်းဒေသက သူတို့ရဲ့ နှင်းဖုံးလွှမ်းမှု ထက်ဝက်ခန့် ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ အဆိုအရ အာရှဒေသဟာ ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ ဘေးအန္တရာယ်တွေကြောင့် အထိခိုက်ဆုံးဒေသ ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ၅ နှစ်မှာ အလျင်မြန်ဆုံး ရေခဲမြစ်တွေ အရည်ပျော်မှု စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Source : ICIMOD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013