
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တင့်ကားစက်ရုံကိုသွားရောက် စစ်ဆေးခဲ့ပြီး ကိုရီးယားပုံစံ တင့်ကားတွေရဲ့ ပင်မနည်းပညာမှာ အများကြီးတိုးတက်နေပြီလို့ နိုင်ငံပိုင်မီဒီယာ KCNA က မေ ၄ ရက်မှာ ပြောပါတယ်။
KCNA ကနေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်က ဘယ်နေရာဆိုတာ မပြောထားတဲ့နေရာက တင့်ကားစက်ရုံဆီ တာဝန်ရှိသူတွေနဲ့အတူ သွားကြည့်နေတာကိုပြထားပြီး သူလာစစ်တဲ့ ရက်စွဲကိုတော့ မဖော်ပြထားပါဘူး။
ခေတ်မီတင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေ ထုတ်လုပ်တာဟာ စစ်တပ်ကို ခေတ်မီစေဖို့နဲ့ အာဏာရပါတီရဲ့ သံချပ်ကာတပ်ဖွဲ့ ဒုတိယတော်လှန်ရေးအတွက် သော့ချက်ဖြစ်တယ်လို့လည်း ကင်မ်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ မကြာသေးမီက ရေတပ်ဖျက်သင်္ဘောအသစ် ရေချတဲ့ အခမ်းအနားကိုတက်ခဲ့ပြီး တခြားလက်နက်တွေနဲ့ ဒရုန်းအသစ်တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ခဲယမ်းမီးကျောက်တွေ၊ ဒုံးကျည်တွေနဲ့တပ်ဖွဲ့ဝင်တွေ ပို့ပေးခဲ့လို့ မြောက်ကိုရီးယားဟာ ရုရှားဆီက နည်းပညာနဲ့ စစ်ရေးအကူအညီတချို့ ရနေတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တာဝန်ရှိသူတွေက ပြောနေကြပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
Source: Reuters