
စင်ကာပူ ရွေးကောက်ပွဲမှာ မေ ၃ ရက်က ကျင်းပခဲ့တဲ့ အာဏာရ People Action Party (PAP) ကပဲ သောင်ပြိုကမ်းပြို မဲရလဒ်နဲ့ ၁၄ ကြိမ်ဆက် အနိုင်ရခဲ့ပါတယ်။
လူနေမှုစရိတ်နဲ့ တိုင်းပြည်အနာဂတ် စီးပွားရေးတည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ ပူပန်စရာတွေ လွှမ်းမိုးနေတဲ့ ရွေးကောက်ပွဲဟာ မနှစ်ကမှ ပါတီခေါင်းဆောင်ဖြစ်လာတဲ့ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်အတွက် ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
လွှတ်တော်အမတ်နေရာ ၉၇ နေရာ ရွေးကောက်ခဲ့ရာမှာ ၈၇ နေရာ ရခဲ့ပြီး လူထုမဲစုစုပေါင်းမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့တာဖြစ်ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုန်သွယ်မှုကိုပဲ အဓိကမှီခိုရတဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် ပူပန်နေကြချိန်မှာ အရင်ကတည်းက စွန့်စားမှုနည်းပါးတဲ့ ရွေးချယ်မှုကိုပဲ သဘောကျတဲ့ မဲဆန္ဒရှင်တွေဟာ တည်ငြိမ်မှုရှိပြီး၊ အောင်မြင်မှုရှိပြီးဖြစ်တဲ့ PAP ကိုပဲ ဆက်ရွေးခဲ့တာ ဖြစ်ပါတယ်။
လောရင့်စ်ဝေါင် ဦးဆောင်တဲ့ PAP ဟာ ရှေ့က ရွေးကောက်ပွဲ ၃ ခုထက်တောင်ပိုပြီးတော့ မဲရခဲ့တာဖြစ်ပြီး အတိုက်အခံ အလုပ်သမားပါတီ (WP) ကတော့ ရှိရင်းစွဲ အမတ်နေရာ ၁၀ နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဗဟိုလက်ယာယိမ်းလို့ သတ်မှတ်ကြတဲ့ PAP ဟာ စင်ကာပူ လွတ်လပ်ရေး ရကတည်းက တိုင်းပြည်ကို တဆက်တည်း အုပ်ချုပ်လာခဲ့တာဖြစ်ပြီး ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး အာဏာရပါတီတွေထဲက တခု ဖြစ်ပါတယ်။
စင်ကာပူရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး မသမာမှုကင်းတယ်လို့ ကမ္ဘာက အသိအမှတ်ပြုကြပေမဲ့ အာဏာရပါတီဟာ မဲဆန္ဒနယ်ပြန်လည် သတ်မှတ်တာ၊ မီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာလိုမျိုး မမျှတတဲ့ အသာစီးရယူမှုမျိုးတော့ လုပ်လေ့ရှိတယ်လို့ ဝေဖန်မှုတွေရှိ ပါတယ်။
Source: Reuters