
ဖိနှိပ်ခံသတင်းသမားတွေနဲ့အတူ ရပ်တည်ကြောင်း မေလ ၃ ရက် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ အဖွဲ့အစည်းအသီးသီးက သဘောထားတွေ ထုတ်ပြန်ခဲ့ကြ ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတရပ်လုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီ ရောက်ရှိရေး ကြိုးစားနေကြတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာလည်း အထူးအရေးကြီးတဲ့ အခန်းကဏ္ဍတရပ်အဖြစ် ပါဝင်နေပြီး စစ်တပ်က သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာ၊ ခြိမ်းခြောက်ဟန့်တားတာ စတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ်ပိတ်ပင်တားဆီးမှု မှန်သမျှကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာဆိုင်ရာသဘောထား ရပ်တည်ချက်တွေအတိုင်း ဆက်လက်ရပ်တည်မှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေအာလုံးနဲ့ ပူးပေါင်း လက်တွဲပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုတိုးပွားစေရေး ဆက်လက်ကြိုးပမ်း အားထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
နယူယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ စာရင်းအရ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေသလို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၇၁ အဖြစ် ရပ်တည်နေပြီး သတင်းသမားတွေ အတွက် အန္တရာယ်အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာရေးသားပြောဆိုခွင့် ပြန်လည်ရရှိစေဖို့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေနဲ့ သတင်းရစ်မြစ်များအားလုံးကို လေးစားဂုဏ်ယူ ကြောင်းလည်း မြန်မာမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို ပံ့ပိုးကူညီနေတဲ့ Exile Hub အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာသတင်းသမားတွေ အမှန်တရားအတွက် ဆက်လက် ရပ်တည်လုပ်ကိုင်နိုင်ဖို့ Exile Hub က လုံခြုံစိတ်ချရတဲ့ Safe House စီစဉ်ပေးခြင်း၊ အရေးပေါ် ရန်ပုံငွေ ကူညီပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
New Myanmar Foundation အဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် စာနယ်ဇင်းသမားတွေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေပြီး တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကတော့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေလွန်စွာ ဆိုးရွားနေတာကြောင့် အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေကို ငွေကြေးထောက်ပံ့ခြင်း၊ အန္တရာယ်ရင်ဆိုင်နေရတဲ့ သတင်းသမားတွေအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းနဲ့ သတင်းအချက်အလက် အမှားတွေကို တားဆီးနိုင်ဖို့ သတင်းသမားတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်ပေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးကလည်း စာနယ်ဇင်းသမားများ၊ မီဒီယာသမားများအနေနဲ့ အကြောက်တရားကင်းကင်း သတင်း ရေးသားတင်ပြနိုင်တဲ့ ကမ္ဘာတခုဖြစ်ရေးအတွက် ဆောင်ရွက်သွားဖို့ ကတိပြုကြောင်း ပြောဆိုခဲ့ပါတယ်။