DVB Logo
Home
မြန်မာသတင်း
ဓမ္မစေတီဆယ်ယူမှု နိုင်ငံတော်လိမ်လည်မှုဖြစ်ခြင်းကြောင့် အရေးယူပေးရန် တောင်းဆို
DVB
·
November 9, 2014
ဓမ္မစေတီဆယ်ယူမှု နိုင်ငံတော်လိမ်လည်မှုဖြစ်ခြင်းကြောင့် အရေးယူပေးရန် တောင်းဆို
Donate to DVB

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုဟာ နိုင်ငံတော်လိမ်လည်မှုတခု ဖြစ်တာကြောင့် အစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်မြစ် အတွင်း နစ်မြုပ်နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လကနေ စက်တင်ဘာလထိ ကြိုးစားခဲ့ရာမှာ နဂါး အစောင့်အရှောက်တွေနဲ့ ခေါင်းလောင်းကို တွေ့ပြီလို့ ပြောဆိုခဲ့သလို သတင်းမီဒီယာ အချို့ကလည်း နေ့စဉ်ရက်ဆက် ရှုထောင့် အမျိုးမျိုးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ  ပြည်သူလူထု တရပ်လုံးကို လိမ်လည် လှည်ဖြားခဲ့တာ ဖြစ်တာကြောင့် ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

dvb5“နိုင်ငံတော်ပိုင် ပစ္စည်းအနေနဲ့ ဒီခေါင်းလောင်းကြီး တူးဖော်တဲ့နေရာမှာ ခွင့်ပြုပေးခဲ့တယ်။ ရဲကအစ လုံခြုံရေးတွေ ပေးလာခဲ့တယ်။ နောက်တခုက တူးဖော်တဲ့သူအနေနဲ့ တွေ့ပါပြီလို့ ပြောတယ်။ ပြည်သူလူထုကိုလည်း မျှော်လင့်ချက်တွေ အများကြီးပေးခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း နောက်ဆုံးကျတော့ တွေ့ခဲ့တာလည်း မရှိဘူးဆိုတော့ ဒါဟာ လိမ်လည်မှုကြီးတရပ်အနေနဲ့ ပြည်သူတွေကြားမှာ ခံစားနေရတယ်၊ ပြောဆိုနေကြတယ်။ အဲဒီလို ခံစားနေရတဲ့အပေါ်မှာ နိုင်ငံတော်အစိုးရက ဒီနေ့ဒီအချိန်ထိ အရေးယူအပြစ်ပေးတာတွေ အခုချိန်ထိ မရှိဘူး။ ထိထိရောက်ရောက် ရှင်းလင်းတာမျိုးကို နိုင်ငံတော်အစိုးရကနေပြီး တာဝန်ယူပြီး လုပ်ပေးရမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်နဲ့ချီပြီး ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် ဒါဟာ ပြောရမယ်ဆိုရင် နိုင်ငံတော် လိမ်လည်မှုတရပ်လို့ ပြောလို့ရပါတယ်။”

ဦးစံလင်းရဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထု တရပ်လုံးကို ရည်ရွယ်ချက် ရှိရှိ လိမ်လည်ခဲ့တာ ပေါ်လွင်လို့ ရာဇသတ်ကြီး ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် အတွင်းရေးမှူး ဦးကြီးမြင့်က “လိမ်စဉ်တွေထည့်ပြီးတော့ မိမိပြောဆိုတဲ့ အရာရောက်အောင် အပိုတွေ ပြောတာမျိုးတွေ၊ ငွေကြေးတွေ ကိုင်တွယ် သုံးစွဲလာတာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒါ လိမ်လည်မှုမြောက်တယ်၊ ပုဒ်မ ၄၁၅ မှာ လိမ်လည်မှုမြောက်တယ်။ နောက်တခါ သာမန်လိမ်လည်မှုဆိုရင် ၄၁၇ နဲ့ ထောင် ၁ နှစ်ချနိုင်တယ်။ ဒိထက်ပိုဆိုးဝါးတဲ့ လိမ်လည်မှုဆိုရင် ပုဒ်မ ၄၂၀ နဲ့ ထောင် ၇ နှစ် ချနိုင်တယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ နဂါးတွေကပဲ စောင့်ရှောက်နေတယ်ဆိုတဲ့ သဘောမျိုး အထိ ပါလာပြီး ချဲ့လာပြီး တွေ့လည်း မတွေ့ဘူးဆိုရင်တော့ အနိမ့်ဆုံး ၄၁၇ ကတော့ ငြိနေပြီဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။

လူတွေရဲ့ ယုံကြည်မှုကို အသုံးချပြီး လိမ်လည် လှည့်ဖြားခဲ့တဲ့ ဖြစ်ရပ်တွေ အပေါ်မှာ ပြည်ထဲရေးက စုံစမ်းဖော်ထုတ် အပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပြီး ဓမ္မစေတီ ခေါင်းလောင်း ရှာပုံတော်ကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်လို့ သမိုင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပြောပါတယ်။

“ဓမ္မစေတီခေါင်းလောင်းကြီးက သမိုင်းကြောင်းအရရော၊ ဘာသာရေးအရရော ၂ ခုလုံး ပတ်သက်တယ်။ ကျနော်တို့ တွေ့ခဲ့ဖူးတာက ဘာသာရေးအပိုင်း ခုတုံးလုပ်ပြီး ပြည်သူကို မမှန်မကန်ပြောတာတွေ၊ လုပ်ဆောင်တာတွေအတွက် အရေးယူခဲ့တာတွေ ရှိပါတယ်။ ပြည်သူရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားတဲ့ဟာမျိုးတွေ နောင်အရမ်းမလုပ်ရဲအောင်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် ကိုင်တွယ်အရေးယူသင့်ပါတယ်။”

နိုင်ငံတော်က ဘွဲ့တံဆိပ် ချီးမြှင့်တာ ခံထားရတဲ့ တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့  ဓမ္မစေတီ ခေါင်းလောင်းကြီးကို  သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေခဲ့တာဖြစ်ပြီးအချိန် ၁ လကျော် ကြာမြင့်ခဲ့ပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငစင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းက တဆင့် သယ်ယူစဉ် နစ်မြစ်ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေက တဆင့် ဖြစ်ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှု မရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013