Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က စားနပ်ရိက္ခာသယ်ခွင့် ကန့်သတ်ထားသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
May 3, 2025

တနင်္သာတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ကျေးရွာတွေမှာ စစ်တပ်က ရိက္ခာတွေ ဖြတ်တောက်နေတာကြောင့် အသားငါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှုဒဏ်နဲ့ ကုန်ဈေးနှုန်း ၂ ဆနီးပါး ပေးဝယ်နေရတာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

ဆန်၊ ဆီ၊ ဆားလို မဖြစ်မနေလိုအပ်တဲ့ ရိက္ခာကုန်ပစ္စည်းတွေကို တနင်္သာရီမြို့ပေါ်အထိသာ သယ်ဆောင်ခွင့်ပေးပြီး ကျေးရွာတွေမှာ ရောင်းချဖို့အတွက် ရွာသားတွေက မြို့ပေါ်မှာ သွားရောက်ဝယ်ယူနေရတာကြောင့် လမ်းခရီးစရိတ်ဖိုးအပြင် ဂိတ်ကြေးပါ တောင်းသလောက် ပေးရတဲ့အတွက် ကုန်ဈေးနှုန်းတွေက ၂ ဆနီးပါး ထိုးတက်လာတယ်လို့ တနင်္သာရဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အစကတော့ အသားငါးတွေဆိုရင် သုံးလေးရက်လောက်ကို လုံးဝတင်ခွင့်မပေးဘဲ ဖြတ်ပစ်လိုက်တယ်။ အခုရက်ပိုင်းမှာ အသားငါးတွေကို တင်ခွင့်ပေးတယ် ဆိုပေမဲ့ ကားသမားတွေမှာ သူတို့ဂိတ်ကိုရောက်ရင် လာဘ်ထိုးရတယ်၊ တောင်းသလောက် ပေးရတာ ဆိုတော့ အသားငါးတွေတော့ နည်းနည်းပါးပါး တင်ခွင့်ရသေးတယ်။ ဆန်ကားတွေဆို သယ်ခွင့်ပေးတယ်ဆိုပေမဲ့ သူတို့တောင်းတဲ့ဈေးက အရမ်းများတယ်။ ဥပမာ ဆန်တအိတ်ကို မြိတ်မှာ ၅၀,၀၀၀ ဆိုရင် ဒီဘက်မှာ ၁၀၀,၀၀၀ လောက် ဈေးတက်တယ်။ ကြက်ဥတွေဆို မြင်တောင်မမြင်ဖူးတော့ဘူး။ ရိက္ခာတွေဆိုရင် လမ်းမှာ သူတို့ဂိတ်ကြေးတွေကို ပေးပြီးမှ တင်ဆောင်ရတယ်။ အယောက်တိုင်း တင်ခွင့်မရဘူး၊ သူတို့နဲ့နီးစပ်တဲ့သူတချို့ပဲ တင်ခွင့်ရတယ်၊ ဒါကြောင့် ကုန်ဈေးနှုန်းတွေဆိုရင် ၂ ဆလောက်ပေးပြီး တင်ဆောင်ရတယ်။”

တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေမှာ ပြေးဆွဲတဲ့ ကုန်ကားတွေကိုလည်း စစ်တပ်က ဖမ်းဆီးသိမ်းဆည်းတာတွေ လုပ်ဆောင်တာကြောင့် ကုန်ကားတွေ ရပ်နားကုန်တာလို့ ပြောပါတယ်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်ထဲရှိ တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေမှာ ကုန်စီးဆင်းမှု ရပ်တန့်အောင် လုပ်တာဖြစ်ပြီး အခုဆိုရင် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ ကုန်စည်ပြတ်လပ်မှုနဲ့ ဈေးနှုန်းတက်လာတဲ့ဒဏ်တွေ ခံနေရကာ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ရိက္ခာမပြတ်တောက်ဖို့ တခြားနည်းလမ်းတွေကို ကိုင်တွယ်ဖြေရှင်းရတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“သူတို့ထင်တာက ဒီဘက်မှာ PDF တွေ၊ ပကဖတွေ စိုးမိုးနယ်မြေလည်း တော်တော်များများ ရှိနေတယ်ဆိုတော့ ဒီရွာတွေမှာ အရပ်သားပြည်သူတွေကို စားနပ်ရိက္ခာ ဖြတ်တောက်ထားမယ်ဆိုရင် တော်လှန်ရေးရဲဘော်တွေမှာလည်း ရိက္ခာတွေပြတ်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ သုံးသပ်တယ်။ အခုဆိုရင် တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေမှာ ရဲဘော်တွေ ကိုယ့်တပ်ဖွဲ့၊ တပ်ရင်းအလိုက် စားနပ်ရိက္ခာတွေကို လယ်စိုက်တာတွေ၊ တောင်ယာစိုက်တာတွေ လုပ်နေရတယ်၊ မလုပ်လို့လည်း မရတော့ဘူး။ ပြည်သူတွေမှာလည်း ဝန်ထုပ်ဝန်ပိုး သက်သာသွားအောင် ဒီလိုမျိုးတွေ လုပ်နေကြပြီဗျာ။”

မြိတ်-တနင်္သာရီ ကားလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်မှာလည်း ကုန်ကားတွေ ပစ္စည်းတင်ဆောင်တဲ့အခါ စာရင်းတင်ပြရပြီးတော့ သတ်မှတ်ထားတဲ့ စာရင်းထက် ပိုတင်ဆောင်တာ တွေ့ပါက ဖမ်းဆီးအရေးယူသလို ဆန်အိတ်တွေဆိုလည်း အကန်အသတ်နဲ့သာ တင်ဆောင်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024