DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ် ရာထူးမှဖယ်ရှားခံရ
DVB
·
May 2, 2025
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ် ရာထူးမှဖယ်ရှားခံရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်နေရာအတွက် အဆိုပြုမယ့် အကြောင်း အတည်ပြုပါတယ်။

အဲဒီနောက် ထရမ့်ပ်က ဝေါ့လ်ဇ်ကို သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ ယာယီအစားထိုးမယ်လို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် တိုက်ခိုက်ဖို့ရှိတဲ့ စစ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် Signal Group ထဲမှာ ဝေါ့လ်ဇ်က သတင်းသမားတယောက်ကို မှားယွင်း ထည့်သွင်းမိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကုလသံအမတ်ရာထူးအတွက် အထက်လွှတ်တော်ကြားနာပွဲမှာလည်း ဝေါ့လ်ဇ်ရဲ့ အမှားဟာ နိုင်ငံရေးအရ အဓိကထောက်ပြစရာ ဖြစ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက ဟင်နရီ ကစ်ဆင်ဂျာ ပြီးရင် ရူဘီအိုဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရာထူးနှစ်ခုစလုံးကို တပြိုင်နက် ထမ်းဆောင်ရမယ့် ပထမဆုံး တာဝန်ရှိသူတယောက် ဖြစ်လာခဲ့ပါတယ်။

တချိန်တည်းမှာ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအတွင်း အိမ်ဖြူတော်ကနေ ရာထူးစွန့်ရမယ့် ပထမဆုံး ထိပ်တန်းအရာရှိဟာ ဖလော်ရီဒါ လွှတ်တော်အမတ်ဟောင်း ဝေါ့လ်ဇ် ဖြစ်လာခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ကြီးကျယ်တဲ့နိုင်ငံနဲ့ သမ္မတထရမ့်ပ်အတွက် ဆက်အမှုထမ်းခွင့်ရတာကို အလွန်ဂုဏ်ယူပါတယ်” လို့ ဝေါ့လ်ဇ်က X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

Signal ဖြစ်ရပ်နဲ့အတူ အမျိုးသားလုံခြုံရေး ကောင်စီဝင်တွေကို သေချာစိစစ်တာမျိုး မလုပ်ဘူးဆိုတဲ့ အိမ်ဖြူတော်ရဲ့အမြင် အပါအဝင် တခြားအကြောင်းရင်းတွေကြောင့် ရာထူးဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။

အထက်လွှတ်တော်ရဲ့  အတည်ပြုချက်ရဖို့ဆိုရင် ဝေါ့လ်ဇ် အနေနဲ့ အခက်အခဲရှိတဲ့အလျောက် သမ္မတကိုယ်တိုင် ထုတ်ပယ်စရာမလိုဘဲ ဖယ်ရှားခံရတာမျိုး ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဒီမိုကရက်တစ် ဒု-သမ္မတလောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ တင်မ်ဝေါ့လ်ဇ် ကတော့ “Chat ထဲမှာ မိုက်ခ်ဝေါ့လ်ဇ် ထွက်သွားပြီ” လို့ ရာထူးဖယ်ရှားခံရမှုကို အရွှန်းဖောက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့အပြင် ထရမ့်ပ်နဲ့ပါ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ စတိဗ် ဝစ်ကော့ဖ်ဟာ ဝေါ့လ်ဇ် နေရာမှာ အစားထိုးဖို့အတွက် တစ်ပြေးနေကြောင်း သိရပါတယ်။

ဒါ့အပြင် ထရမ့်ပ် ပထမသက်တမ်းမှာ အမျိုးသားလုံခြုံရေးအကြံပေး ၄ ယောက်အထိ ပြောင်းလဲခဲ့ရပြီး ပထမဆုံးဖြစ်တဲ့ မိုက်ကယ် ဖလင်း ဆိုရင် သီတင်းပတ် ၃ ပတ်သာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013