DVB Logo
Home
မြန်မာသတင်း
ပုလော-ထားဝယ် အမြန်ရေယာဉ်ဖြင့်သွားသူများ အကြောင်းကြားပြီးမှသွားကြရန် KNU အသိပေး
DVB
·
May 1, 2025
ပုလော-ထားဝယ် အမြန်ရေယာဉ်ဖြင့်သွားသူများ အကြောင်းကြားပြီးမှသွားကြရန် KNU အသိပေး
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပုလော-ထားဝယ် ရေလမ်းခရီး အမြန်ရေယာဉ် အသုံးပြုပြီး သွားလာကြသူတွေ ဖုန်းဆက်အကြောင်းကြားပြီးမှ သွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ အထူးတပ်ဖွဲ့က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး မြိတ်-ထားဝယ် က ကားလမ်းပိုင်းအား ပိတ်ထားတာကြောင့် ‌ရေလမ်းအသုံးပြုပြီး ခရီးသွားလာသူတွေ အများအပြားရှိနေတာလို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က စပိဘုတ် အမြန်ရေယာဉ်တွေနဲ့ ရေလမ်းအသုံးပြုပြီး စစ်ကြောင်းထိုးသွားလာနေတဲ့အတွက် ပုလော-ထားဝယ်ရေလမ်းခရီးကို အမြန်ရေယာဉ် အသုံးပြုသွားလာကြတဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ မှားယွင်းပြီး ပစ်ခတ်မှုဖြစ်သွားနိင်တာကြောင့် သတိပေးရတာလို့ KNU တပ်မဟာ ၄ အထူးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ပျံလွှားက ပြောပါတယ်။

"ပြည်သူတွေအနေနဲ့ ငါးဖမ်းလှေတွေ၊ ရိုးရိုးလှေတွေနဲ့ သွားလာတာ ပြဿနာမရှိဘူး။ စပိဘုတ်နဲ့ သွားလာတဲ့အခါမျိုးမှာ အန္တရာယ်များတယ်။ ဘာဖြစ်လိုလဲဆိုတော့ စကစတွေက စပိတ်ဘုတ်နဲ့ သွားလာတာများတယ်။ အခုလောလောဆယ်က ငွေကြေးတတ်နိုင်တဲ့ လူတွေကျတော့ စပိဘုတ် တစီးလုံးဖြတ်ပြီး သွားလာတာတွေ လုပ်တာပေါ့။ အဲ့ချိန် စပိဘုတ်နဲ့ သွားလာတဲ့အခါမှာ အသက်ကယ်အင်္ကျီဝတ်ထားတာဆိုတော့ ရေတပ်နဲ့မှားပြီးပစ်မိမှာဆိုးလို့ပါ။”

ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်တွေကလွဲပြီး တတ်နိင်သမျှခရီးသွားလာခြင်းမပြုဖို့၊  မဖြစ်မနေ သွားလာဖို့ လိုအပ်ပါက ဖုန်း ၀၉၂၆၆၈၇၃၈၈၇ နဲ့ ၀၉၄၅၅၂၈၉၉၇၇ တို့ကို ဆက်သွယ်သတင်းပေးပို့ပြီးမှ သွားလာဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းအသိပေးထားပါတယ်။

ဗိုလ်ပျံလွှားက “လက်နက်ကိုင်အဖွဲ့အစည်းက ကျနော်တို့ တဖွဲ့တည်းမဟုတ်ဘူး။ အဖွဲ့အစည်းကများတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က သူတို့ တကယ်လို့ သွားလာမဲ့အချိန် ဆက်သွယ်လာတဲ့အခါကျရင် ကျနော်က တခြားအဖွဲ့တွေကို ပြန်ပြီးတော့ ဆက်သွယ်ပေးမယ်။ အဲ့ဒီစပိဘုတ်လာမယ်၊ လူဘယ်နှယောက်ပါလဲပေါ့။ ဒီလမ်းတွေက ဖြတ်မယ်ပေါ့၊ ကျနော်က အဲ့လောက်ပါပဲ ကျန်တာတော့ ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013