DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်သား ၃ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်၊ ဗလဘကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့ဟု ဝန်ခံ
DVB
·
May 1, 2025
ရေစကြိုတွင် စစ်သား ၃ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်၊ ဗလဘကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့ဟု ဝန်ခံ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဧပြီ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း စစ်ကြောင်းထိုးရာမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၃ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာကြပြီး စစ်တပ်စစ်ကြောင်းက ဗလဘကျေးရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ကြောင်း ဝန်ခံပြောဆိုထားတယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

Southern YSO PDF ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အထဲမှာ ပါလာတဲ့ တပ်သားသစ် ၃ ယောက်က ၂၄ ရက်နေ့ကစပြီး အလင်းဝင်တယ်ပေါ့နော်။ သူတို့ ၃ ယောက်မှာ လက်နက်ပါလာတဲ့သူရှိသလို မပါလာတဲ့သူလည်း ရှိတယ်။ လက်နက်ပါလာတဲ့သူတွေကိုတော့ ဆုကြေးငွေ ၃၅ သိန်းစီနဲ့ လက်နက်ပါမလာတဲ့သူကိုတော့ ၁၀ သိန်း ပေးအပ်လိုက်တယ်။ သူတို့ ၃ ယောက်လုံးကို သူတို့နေချင်တဲ့ နေရာတွေဆီ ပို့ပြီးသွားပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းအတွင်း ပါဝင်ကြတဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၇ မှ စစ်မှုထမ်း တပ်သားသစ် ချစ်စမ်းကိုဟာ MA1 သေနတ် ၁ လက်နဲ့အတူ ဧပြီ ၂၄ ရက်မှာ အလင်းဝင်ရောက်လာခဲ့သလို​ ဧပြီ ၂၅ ရက်မှာလည်း ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်က တပ်သားသစ် မြင့်စိန်ဟာ ၅.၅၆ ကျည် ၅၀၀ နဲ့အတူ အလင်းဝင်ရောက်လာ​ခဲ့တာဖြစ်ပြီး ရေစကြိုမြို့ အခြေစိုက်တဲ့ ခလရ ၂၅၈ တပ်က တပ်သားသစ် စည်သူကျော် ကတော့ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၀၂ တောင့်၊ ကျည်ဘောက် ၃ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Southern YSO PDF ရဲ့ တာဝန်ခံ ကိုအောင်မောင်းက “ဗလဘရွာလုံးကျွတ် မီးရှို့ခံရတဲ့ကိစ္စကို စစ်တပ်ဘက်က PDF တွေ မီးရှို့တာဆိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို အထင်အမြင်လွဲအောင် သတင်းဖြန့်နေတယ်။ အဲဒီကိစ္စကို အလင်းဝင်လာကြတဲ့ ၃ ယောက်ထဲက တယောက်က သေချာရှင်းပြတယ်။ ပထမတကြိမ် မီးရှို့ပြီးတော့ ဘုန်းကြီးကျောင်းမှာ ဖမ်းထားတဲ့ အဲဒီရွာသားတွေထဲက အယောက် ၃၀ လောက်ကို မီးသွားငြှိမ်းခိုင်းတယ်။ အဲဒီ မီးငြှိမ်းနေကြတာကို ဓာတ်ပုံတွေရိုက်ပြီး PDF က ရှို့သွားတဲ့မီးကို တပ်မတော်သားတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်နေရပါတယ်ဆိုပြီး သတင်းလွှင့်တယ်တဲ့။ နောက်တကြိမ် ထပ်ရှို့တော့ ရွာလုံးကျွတ် ပြောင်ရောတဲ့။ အဲဒီလိုပဲ သတင်းတင်တယ်ပေါ့။ စစ်ကြောင်းမှာပါတဲ့ အဘလေး ဆိုတဲ့သူက ခိုင်းနေတာတဲ့။ အဲဒီ အဘလေး ဆိုတဲ့ကောင်က အထက်ကို ဖုန်းဆက်ပြီး တင်ပြတော့လည်း အဲဒီလိုပဲ လိမ်ညာပြီး တင်တာလို့ ဝန်ခံပြောပြထားတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ဗလဘကျေးရွာကို ဝင်ရောက်စီးနင်းကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဧပြီ ၁၇ ရက် ညနေပိုင်းကလည်း ဗလဘ‌ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချခဲ့လို့ အသက် ၈၀ အရွယ် ဦးအောင်သန်း သေဆုံးခဲ့ပြီး ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၁၀ လုံးနီးပါး ပျက်စီးသွားပြီး ရွာဦးဘုန်းကြီးကျောင်းက ကျောင်းဆောင်တခု၊ မီးစက်ရုံနဲ့ အုတ်တံတိုင်းတွေလည်း ထိမှန်ပျက်စီးခဲ့သေးတယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013