
အီရန်နဲ့ အမေရိကန်တို့ ဆွေးနွေးမှု သဘောတူညီချက် မရခဲ့ကြောင်း အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
အမေရိကန်နဲ့ အီရန်အကြီးတန်းခေါင်းဆောင်တွေဟာ ဧပြီ ၁၁ ရက်မှာ ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်မှာ စစ်ပွဲကို အဆုံးသတ်ဖို့ ၂၁ နာရီကြာ ဆွေးနွေးပြီးတဲ့နောက် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့တာပါ။
အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေ တည်ဆောက်မှုအပါအဝင် အမေရိကန်ရဲ့ တောင်းဆိုမှုတွေကို လက်မခံခဲ့ဘူးလို့ ဗန့်စ်က ပြောခဲ့ပြီး ဆွေးနွေးပွဲရဲ့ အားနည်းချက်တွေကို ထောက်ပြပါတယ်။
ဂျေဒီဗန့်စ်က “သတင်းဆိုးကတော့ ကျနော်တို့ သဘောတူညီမှုမရခဲ့ပါဘူး။ ဒါက အမေရိကန်နိုင်ငံထက် အီရန်နိုင်ငံအတွက် ပိုဆိုးတဲ့သတင်းပဲလို့ ကျနော် ထင်တယ်။ ဆွေးနွေးပွဲမှာ ဘယ်အရာတွေက လုံးဝ သဘောမတူဘူးဆိုတာမျိုး ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသာပါ။ ဒါ့ကြောင့် သဘောတူမှုမရဘဲ အမေရိကန်ကို ပြန်တော့မှာပါ”လို့ ပြောပါတယ်။
ဒုတိယသမ္မတ ဂျေဒီဗန့်စ်ဟာ ဧပြီ ၁၂ ရက်မနက်မှာ ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့မှာရှိတဲ့ နူးရ်ခန်းလေတပ်စခန်းမှာ လေယာဉ်ပေါ်မတက်မီ လူအုပ်ကို လက်မထောင်ပြခဲ့ပါတယ်။
ဆွေးနွေးပွဲတွေအပြီး အီရန်နဲ့ သဘောတူညီချက် မရရှိခဲ့တာကြောင့် ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်ဖြစ်စေခဲ့ပြီးတဲ့နောက် ပါကစ္စတန်ကနေ ပြန်လာတော့မယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အီရန်အစိုးရက လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေအပေါ် ကတိကဝတ်တွေမပါဘဲ ဆွေးနွေးပွဲတွေကို စလို့မရဘူးလို့ ပြောခဲ့လို့ ဆွေးနွေးပွဲတွေအပေါ် သံသယဝင်ခဲ့ကြပါတယ်။
အီရန် နိုင်ငံခြာရေးဝန်ကြီးကတော့ အမေရိကန်ဘက်က အလွန်အကျွံတောင်းဆိုမှုနဲ့ မတရားတဲ့တောင်းဆိုမှုတွေ ရှိခဲ့လို့ ဆွေးနွေးပွဲက ပွတ်တိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဆွေးနွေးပွဲမှာ သဘောတူညီချက်ရတာပဲ ဖြစ်ဖြစ်၊ မရတာပဲဖြစ်ဖြစ် သူ့အတွက် ထူးခြားလာမှာမဟုတ်ကြောင်း အစောပိုင်းက ထုတ်ဖော်ပြောထားဖူးပါတယ်။
အမေရိကန်နဲ့ အီရန်ကြား အခု ဆွေးနွေးပွဲဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နောက်ပိုင်း အမေရိကန်-အီရန် အမြင့်ဆုံးအဆင့် ဆွေးနွေးပွဲ ဖြစ်သလို ၂၀၁၅ ခုနှစ်မှာ အီရန် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် ရခဲ့ပြီးတဲ့နောက်ပိုင်း နှစ်ဖက်အကြား ပထမဆုံး တရားဝင် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
Source: Reuters











