DVB Logo
Home
နိုင်ငံတကာ
သဘာဝဘေးအတွက် Sachet အက်ပလီကေးရှင်း အသုံးပြုကြရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း
DVB
·
April 28, 2025
သဘာဝဘေးအတွက် Sachet အက်ပလီကေးရှင်း အသုံးပြုကြရန် အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း
Donate to DVB

ရေကြီးတာ၊ ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ မြေပြိုတာတွေလို သဘာဝဘေးအန္တရာယ်တွေ ကျနေပါက ဘေးကင်းလုံခြုံစေဖို့ Sachet အက်ပလီကေးရှင်းကို အသုံးပြုကြဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြည်သူတွေကို တိုက်တွန်းထားတဲ့အကြောင်း ANI သတင်းမှာ ဧပြီ ၂၇ ရက်က ဖော်ပြပါတယ်။

အိန္ဒိယ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က လွှင့်တင်ထားတဲ့ မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းကို အသုံးပြုကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းထားတာ ဖြစ်ပြီး အပလီကေးရှင်းမှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ပထဝီဝင်အမှတ်အသားပြုထားတဲ့ သတိပေးချက်တွေကို ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်မှန်သမျှကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးဆုံးအရာက သတိရှိမှုဖြစ်သလို အခုသတိပေးချက်မှာတော့ မိုဘိုင်းပေါ်က Sachet အထူးအက်ပလီကေးရှင်းကတဆင့် အကူအညီရယူနိုင်ပြီး သဘာဝဘေး အန္တရာယ်တခုခုမှာ ပိတ်မိနေတာမျိုးမဖြစ်အောင် ကယ်တင်နိုင်မယ်လို့ ရေဒီယို မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

“ရေကြီးတာ၊ ဆိုင်ကလုန်းမုန်တိုင်း၊ မြေပြိုကျတာ၊ ဆူနာမီ၊ တောမီး၊ နှင်းပြိုကျတာ၊ မုန်တိုင်း၊ ဟာရီကိန်း ဒါမှမဟုတ် လျှပ်စီးလက်တာတွေလို အခြေအနေတွေမှာ Sachet အက်ပလီကေးရှင်းက အသိပေးကာကွယ်ဖို့ ကြိုးစားနေပါတယ်။ ဒီအက်ပလီကေးရှင်းကနေတဆင့် မိုးလေဝသဌာနနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လက်ခံရရှိနိုင်မှာဖြစ်ပြီး ထူးခြားချက်ကတော့ Sachet အက်ပလီကေးရှင်းက သက်ဆိုင်ရာ ဒေသအလိုက် ဘာသာစကားနဲ့ သတင်းအချက်အလက်များစွာကို မျှဝေပေးပါတယ်။”

Sachet အသုံးပြုသူတွေဟာ သူတို့ရဲ့ လက်ရှိတည်နေရာအတွက် သတိပေးချက်တွေ လက်ခံရရှိနိုင်ဖို့ ပြည်နယ်/ခရိုင်တိုင်းမှာ စာရင်းပေးသွင်းနိုင်ပြီး အက်ပလီကေးရှင်းမှာ ဆောင်ရန် ရှောင်ရန်တွေ၊ အရေးပေါ်တယ်လီဖုန်းလိုင်းတွေ၊ သတိပေးချက် ဧရိယာတွေလို အသုံးဝင်တဲ့ အရင်းအမြစ်တွေကို ဝန်ဆောင်မှုပေးထားသလို အိန္ဒိယဘာသာစကား ၁၂ မျိုးနဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ စတင်ဆောင်ရွက်ခဲ့တဲ့ Operation Brahma မစ်ရှင်နဲ့ ပတ်သက်ပြီး အိန္ဒိယအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်လှုပ်ပြီး အချိန် ၁ လနီးပါး ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေ မရဘဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

Source : ANI News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013