DVB Logo
Home
မြန်မာသတင်း
AA ဝင်လာနိုင်သဖြင့် ကနီနှင့် ချင်းတွင်းမြစ်ရိုး မြို့နယ်များကို စစ်ကောင်စီ ဖိအားပေးတိုက်ခိုက်
DVB
·
April 27, 2025
AA ဝင်လာနိုင်သဖြင့် ကနီနှင့် ချင်းတွင်းမြစ်ရိုး မြို့နယ်များကို စစ်ကောင်စီ ဖိအားပေးတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်းဘက်ကို အာရက္ခတပ်တော် (AA) ဝင်လာနိုင်တာကြောင့် ကနီ အပါအဝင် ချင်းတွင်းမြစ်ရိုးတလျှောက် မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ 

စစ်ကိုင်းတိုင်းဘက်မှာ မြေပြင်စစ်ကူပေးနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ ဒေသတွင်းက ပြန်ထွက်ပြီး သူတို့နေရာမှာ AA တပ်ဖွဲ့တွေ ဝင်လာနိုင်တာကြောင့် စစ်ကိုင်းတိုင်း၊ ကနီနယ် အပါအဝင် ချင်းတွင်းမြစ်ရိုးတလျှောက် မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်နေတာပါ။ 

မတ် ၂၈ ရက် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးကတည်းက ကနီနယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဖိအားပေး တိုက်ခိုက်နေတာဟာ မြေပြင်စစ်ရေးမှာ ခြေလှမ်းဦးထားဖို့ စစ်ကောင်စီက ရည်ရွယ်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ 

ရခိုင်ပြည်နယ်တခုလုံးနီးပါးကို AA က ထိန်းချုပ်ထားပြီးနောက်မှာ မြေပြန့်ကို အကူအညီပေးမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားတဲ့အတွက် စစ်ကောင်စီအတွက် စိုးရိမ်စရာဖြစ်ခဲ့တာပါ။

ဆားလင်းကြီးဒေသခံကာကွယ်ရေးအဖွဲ့မှ ကိုပြုံး က  “KIA က ထွက်မှာကိုး၊ ထွက်သွားရင် AA တွေ ဝင်လာမယ်ဆိုတော့ ‌AA တွေ ဝင်လာမယ့် လမ်းကြောကို သူက အဓိကပိတ်ပြီးတိုက်နေတာ၊ KIA ထွက်မှာက ကနီလမ်းကြောက နတ်ကြီးတို့ လှေဆိပ်ကနေ ထွက်မှာကိုး၊ အဲဒီကနေ ထွက်မှာဆိုတော့ သူက ကနီဘက်မှာ ဦးစားပေးပြီး တိုက်နေတာ။ မြိုင်ဘက်ကတော့ AA တွေက တောက်လျှောက်ဝင်လာမှာကိုး။ မြိုင်ဘက် မကွေးတိုင်းက ဝင်မယ်ဆိုတော့ အဲဒီဝင်မယ့် လမ်းကြောကို သူက အဓိကပိတ်ပြီး တိုက်နေတာ။ ဆားလင်းကြီး-ယင်းမာပင်-ပုလဲ-ကနီ ကတော့ လေကြောင်းက အမြဲတမ်းတိုက်နေမှာပဲ သူတို့ကတော့။ ပြည်သူတွေရှိတဲ့နေရာ ဦးတည်ပြီး ချနေတာဆိုတော့ ရေရှည်ပုံစံမျိုးဆိုတော့ ပြည်သူတွေ အထိနာမှာပဲ။ ချင်းတွင်းမြစ်က သူတို့အတွက် အရေးပါတယ်ဆိုတော့ ရှေ့လျှောက် ချင်းတွင်းမြစ်မှာ ရေကျလာတော့မှာလေ။ ပခုက္ကူ ကပစနဲ့ မုံရွာ နမခနဲ့ ဆိုတာ လက်နက်ခဲယမ်း ပို့ဆောင်ရေးက ရေကျမှ ပို့ဆောင်လို့ ရတာကိုး၊ ရေလည်း ကျတော့မှာဆိုတော့ သူတို့ ခုချိန်ကတည်းက လမ်းကြောတွေ အရင်ရှင်းလင်းထားတာပေါ့” လို့ ပြောပါတယ်။

ငလျင်လှုပ်ပြီးချိန်မှာ မြေပြင်လမ်းပိုင်းတချို့ ပျက်စီးခဲ့တာကြောင့် လက်နက်နဲ့ ရိက္ခာထောက်ပို့လုပ်ငန်းတွေကို စစ်ကောင်စီက ချင်းတွင်းမြစ်ရိုးတလျှောက် ရေလမ်းခရီးကို ဦးစားပေး အသုံးပြုလာဖို့ ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေတုန်းက ချင်းတွင်းမြစ်ရိုးတလျှောက် မြို့နယ်ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီ ထောက်ပို့ရေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒီနှစ်ပွင့်လင်းရာသီမှာ မြစ်ကမ်းဘေးမြို့နယ်တွေကို စစ်ကောင်စီက ကြိုတင်တိုက်ခိုက်ပြီး လမ်းကြောင်းရှင်းတဲ့ သဘောမျိုးလည်း ဖြစ်တယ်လို့ ကနီနယ်ခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေးက ပြောပါတယ်။

“ချင်းတွင်းမြစ်ကြောကနေ သူတို့ အထက်ကနေပြီးတော့ ရွှေချောင်းတို့၊ ကျောက်စိမ်းတို့ သယ်ဖို့ အစီအစဉ်ရှိမယ် ထင်တယ်။ အဲဒါကနေပြီးတော့ သူတို့ ပြည်သူကို အကြောက်တရားဝင်အောင် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီအထက်ဘက်မှာဆိုရင် ရွှေမျှောတွေ ဘာတွေကအစ သူတို့ ပြန်လည်ပြီးတော့ ကြီးစိုးချင်တဲ့ ပုံစံမျိုးနဲ့ လေကြောင်းတိုက်ခိုက်မှုကို စိပ်စိပ်ကလေး ပြုလုပ်နေတယ်။ ကနီနယ် အဓိကပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ ကနီနယ်နဲ့ နယ်စပ်ဖြစ်တဲ့ မင်းကင်းလည်း သူတို့ ပစ်မှတ်ထားပြီး တိုက်တာပဲ၊ မင်းကင်းကလည်း ချင်းတွင်းမြစ်ဘေးကမြို့ ဆိုတော့ အဲဒီမှာလည်း လေကြောင်းတိုက်ခိုက်မှု သူတို့ တော်တော်လေးလုပ်ပါတယ်။”

မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂ ပတ်ကြာ အပစ်ရပ်စဲထားဖို့ ကြေညာချက်ထုတ်ခဲ့သလို စစ်ကောင်စီကလည်း ဧပြီ ၂ ရက်နေ့မှာ အလားတူ ကြေညာချက်ထုတ်ခဲ့တာပါ။ လက်တွေ့မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၅ ရက်နေ့အထိ တလနီးပါးကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၄၉ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၆၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013