
တနင်္သာရီမြို့နယ်ထဲ စားသောက်ကုန်တွေသယ်ယူခွင့်ကို ဧပြီ ၂၅ ရက်ကစလို့ စစ်တပ်ဂိတ်က ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်ကနေ တနင်္သာရီမြို့နယ်ဘက်ကို အသား၊ ငါးနဲ့ တခြားကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ကားတွေကို မြိတ်-တနင်္သာရီကားလမ်းမကြီးပေါ် ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်က စားသောက်ကုန်တွေ တင်ဆောင်ခွင့်မပေးတော့ဘူးလို့ တနင်္သာရီ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“ငါးဆိုင်ကယ်တွေ၊ ဈေးကားတွေ အကုန်လုံးကို တက်ခွင့်မပေးဘူး။ ကြေးနန်းတိုင်တံတားကနေ အကုန်ပြန်လှည့်ခိုင်းလိုက်တယ်။ အကုန်ဖြတ်တော့မယ် ထင်တယ်။ အစားအသောက် တင်ခွင့်မပေးဘဲ ကားတော့ သွားခွင့်ပေးတယ်။ မနက်တုန်းက ဈေးက ရွာကို တက်လာတော့ အသားငါးတွေ ကြေးနန်းတိုင်တံတားမှာ ယူထားခဲ့တယ်။ ကားလောက်ပဲ လွှတ်လိုက်တယ်”
အခုနှစ်အစပိုင်းလောက်တည်းက ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်မှာ ဆန်အိတ်တင်တဲ့ တနင်္သာရီမြို့နယ်က ကားတွေကို စစ်ကောင်စီတပ်သားတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးသလို ကားသမားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲဖမ်းဆီးပြီး ကားကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့ကလည်း မြိတ်ကနေ ဆန်အိတ်တင်လာတဲ့ ကားပေါ်က တနင်္သာရီမြို့နယ်၊ အေးသာယာရွာက သားအဖ ၂ ယောက်ကို ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်က ဖမ်းဆီးလိုက်ပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်ကို စားနပ်ရိက္ခာ မကြာခဏ ဖြတ်တောက်နေသလို ရိက္ခာကားတွေကိုလည်း ကျေးရွာတွေထဲ ဖြတ်သွားခွင့်မပေးတာ နှစ်ချီကြာပြီဖြစ်လို့ စားသောက်ကုန် ဈေးနှုန်းတွေလည်း တက်လာပြီး ဒေသခံတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။