
အီရန်နိုင်ငံတောင်ပိုင်း ဟော်မော့ဇ်ဂန်ပြည်နယ်၊ ရှာဟိဒ် ရာဂျအီးဆိပ်ကမ်းမှာ ဧပြီ ၂၆ ရက်က ဓာတ်ငွေ့တိုင်ကီ စက်ရုံတရုံ ကြီးမားတဲ့ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့လို့ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အနီးအနားက အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်အများအပြား ပျက်စီးခဲ့ပါတယ်။
အနည်းဆုံး လူ ၅၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာ့စ်နင်မ် သတင်းအေဂျင်စီက ဆိုပြီး ဒဏ်ရာရသူအရေအတွက် တိုးလာနိုင်တယ်လို့ ဟော်မော့ဇ်ဂန် အကျပ်အတည်း စီမံခန့်ခွဲရေးဌာန အကြီးအကဲ မဲရ်ဒဒ် ဟက်ဆန်းဇဒီ က ပြောပါတယ်။
ဆိပ်ကမ်းတခုလုံး တုန်ခါလှုပ်ခတ်သွားခဲ့တဲ့ ပေါက်ကွဲမှုကြီးရဲ့ ဗွီဒီယိုဖိုင်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့မီးခိုးတွေဟာ ကောင်းကင်ကို ထိုးတက်သွားခဲ့ပါတယ်။
စနေနေ့ မွန်းလွဲပိုင်းအထိ မီးငြှိမ်းသတ်နေရကြောင်း ဒေသခံ အရာရှိတွေက ပြောပြီး အကောက်ခွန် အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုဟာ ဆိပ်ကမ်းက အန္တရာယ်ရှိကုန်ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေသိုလှောင်ရာ ဂိုဒေါင်တခုကနေ စခဲ့တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
ဘန်ဒါအက်ဘာ့စ်မြို့က ရှာဟိဒ် ရာဂျအီး ဆိပ်ကမ်းဟာ အီရန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ အရေးပါဆုံး ဆိပ်ကမ်းအချက်အချာ တခုဖြစ်ပါတယ်။
ဒီဆိပ်ကမ်းမှာ နိုင်ငံရဲ့ ရေနံမဟုတ်တဲ့ သွင်းကုန်နဲ့ ပို့ကုန်တွေရဲ့ ၅၅ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်ပြီး အီရန်နိုင်ငံပိုင် ကွန်တိန်နာကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်းကျော်ကို စီမံခန့်ခွဲကြောင်း နိုင်ငံပိုင် သတင်းဌာန IRNA အရ သိရပါတယ်။
Source: Reuters