
မြန်မာ့အင်အားပြင်း ငလျင်ဘေးကြောင့် မန္တလေးက ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ အတွက် ထိုင်းနိုင်ငံက တတိယအကြိမ်မြောက် အရေးပေါ်ဆေးအဖွဲ့ကို စေလွှတ်ထားတဲ့ အကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဧပြီ ၂၆ ရက်က ဖော်ပြပါတယ်။
အဆိုပါအဖွဲ့ထဲမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညှိနှိုင်းရေးမှူးနဲ့ Ruam Katanyu Foundation က စေတနာ့ဝန်ထမ်းတွေအပါအဝင် အဖွဲ့ဝင် ၃၀ ပါဝင်ကာ လာမယ့် မေ ၂ ရက်အထိ ထောက်ပံ့ကူညီမှုတွေ ပေးအပ်သွားမယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အန်နက်မွမ်းကွမ်က လန်က ပြောပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်ကတော့ ငလျင်ဘေးသင့်ဒေသတွေမှာ ကူးစက်နိုင်တဲ့ရောဂါတွေကို စောင့်ကြည့်ဖို့၊ အမိုးအကာနဲ့ ရေစီမံခန့်ခွဲမှုစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့၊ ရေစစ်တဲ့ စနစ်ကိုလည်း တပ်ဆင်သွားနိုင်ဖို့တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ စနစ်အရ တနာရီကို သောက်သုံးရေ အနည်းဆုံး လီတာ ၆ဝဝ ထုတ်ပေးနိုင်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်လည်း သက်သာစေမှာဖြစ်ကာ လူပေါင်း ၂၀၀၀ လောက်အတွက် ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့ ဒီဇိုင်းထုတ်ထားတဲ့ အကြောင်းလည်း ဒေါက်တာ အန်နက်က ပြောပါတယ်။
မြန်မာနိုင်ငံကို ဒုတိယအသုတ်အနေနဲ့ စေလွှတ်ထားတဲ့ အရေးပေါ်ဆေးအဖွဲ့ကတော့ စနေနေ့ ညပိုင်းမှာ ထိုင်းနိုင်ငံဆီ ပြန်လည်ရောက်ရှိမယ်လို့ မျှော်လင့်ရပြီး အဖွဲ့အနေနဲ့ ဧပြီ ၁၉ ရက်ကနေ ၂၄ ရက်နေ့အထိ ငလျင်ကြောင့် ထိခိုက်ခံရသူ ၁,၃၀၄ ဦးအား ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအတောအတွင်း ထိုင်းဘုရင့်တပ်မတော်ကလည်း သူ့ရဲ့ စတုတ္ထမြောက် အလှည့်ကျ ကယ်ဆယ်ရေးတပ်ဖွဲ့ကို စနေနေ့က မြန်မာနိုင်ငံကို စေလွှတ်ခဲ့သလို ကွပ်ကဲညှိနှိုင်းရေး၊ ဆက်သွယ်ရေးနဲ့ လုံခြုံရေး အရာရှိတွေ ပါ၀င်တဲ့ အဆိုပါ ယူနစ်က ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ မြန်မာအာဏာပိုင်တွေကို ပံ့ပိုးကူညီဖို့၊ ငလျင်ဒဏ်သင့်သူတွေကို ဆေးဝါးကုသပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : Bangkok Post