
အီကွေဒေါ ကမ်းရိုးတန်းအနီးမှာ ဧပြီ ၂၅ ရက် သောကြာနေ့က ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရသလို အက်စ်မယ်ရားလ်ဒါစ်မြို့က အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားပြီး ရေနံ အခြေခံအဆောက်အအုံတချို့ကို ယာယီ ပိတ်ပစ်ခဲ့ရပါတယ်။
ငလျင်ဟာ အနက် ၂၃ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ကြောင်း မြေထဲပင်လယ်ငလျင်ဆိုင်ရာဌာန EMSC က ပြောကြားခဲ့ပြီး အီကွေဒေါအာဏာပိုင်တွေဟာ ဆူနာမီသတိပေးချက် မထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ငလျင်ကြောင့် လူ ၂၀ ဒဏ်ရာရခဲ့ပြီး မိသားစု ၁၃၅ ဝန်းကျင် ထိခိုက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အများပိုင် အဆောက်အအုံအများအပြားနဲ့ ပုဂ္ဂလိကနေအိမ်တချို့ ပျက်စီးခဲ့ပြီးတော့ တချို့နေရာတွေမှာလည်း ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။
နေထိုင်သူတွေရဲ့ လူမှုကွန်ရက်မှာတော့ ပျက်စီးသွားတဲ့ အဆောက်အဦတွေကိုပြထားတဲ့ ဗီဒီယိုတွေကို လွှင့်တင်ထားပါတယ်။
သမ္မတ ဒန်နီရယ်နိုဘိုအာ က အီကွေဒေါအစိုးရဟာ အမိုးအကာနဲ့ နားခိုရာတွေ ထူထောင်ပေးမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစုံလိုက်အထုပ်လိုက် ပေးသွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအတွက် လိုအပ်သမျှ ကူညီဆောင်ရွက်ပေးသွားမယ် လို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ပို့စ်တင်ထားပါတယ်။
နိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုအက်ကွေဒေါက ငလျင်လှုပ်ခတ်ပြီးနောက်မှာ ကုမ္ပဏီဟာ ကြိုတင်ကာကွယ်ရေးအစီအမံအဖြစ် အက်စ် မယ်ရားလ်ဒါစ် ရေနံချက်စက်ရုံနဲ့ SOTE ပိုက်လိုင်းတို့မှာ လုပ်ငန်းတွေရပ်ဆိုင်းထားခဲ့ကြောင်းပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။
အီကွေဒေါနိုင်ငံရဲ့ ဘူမိရူပသိပ္ပံမှလည်း ပြင်းအား ၄ ဒသမ ၁ ရှိတဲ့ ဒုတိယမြောက်ငလျင်ဟာ ဂွါးယာ့စ်ပြည်နယ်မှာ လှုပ်ခတ်ခဲ့ကြောင်း သတင်းပေးပို့ခဲ့ပါတယ်။
Source: Reuters