
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို စစ်တပ်က ဧပြီ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ လေကြောင်းကနေ တိုက်ခိုက်ဗုံးကြဲခဲ့ပြီး ဆေးရုံပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မိတ္ထီလာတက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချတာ။ ကံကောင်းလို့ သေဆုံးသူ မရှိခဲ့ဘူး။ ပြည်သူတယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသားတွေ ကျေးရွာထဲကနေ ပြောင်းရွှေ့တိမ်းရှောင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ် ပအဖအဖွဲ့ဝင်တယောက်က “စစ်တပ်က ယုတ်မာရိုင်းစိုင်းနေတာ လက်တွေ့ မြင်ရပြီလည်း ဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုပြု နေထိုင်ဖို့ လိုအပ်လာပြီလည်း ဖြစ်ပါတယ်။ အခုလည်း ကြိုတင်ပြင်ဆင်နိုင်လို့ အသေအပျောက်မရှိခဲ့တာ။ နောက်ထပ် ဖြည့်စွက်ချက်အနေနဲ့ အာဏာရှင်စစ်တပ်ကို ကျနော်တို့ မြန်မာ့မြေပေါ်ကနေ အပြီးပျောက်သွားသည်အထိ တော်လှန်သွားမယ်” လို့ ပြောပါတယ်။
လေသာရွာမှာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၆၀၀ လောက်ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲသလို နှစ်ကုန်ပိုင်းမှာလည်း စစ်ကြောင်းက ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပါသေးတယ်။