
မြန်မာ့ငလျင်ဘေးအတွက် စင်ကာပူကြက်ခြေနီအဖွဲ့ (SRC) ကတဆင့် လူသားချင်းစာနာမှု အကူအညီ စင်ကာပူဒေါ်လာ ၆ သိန်း ထပ်ဆောင်းပေးပို့သွားမှာ ဖြစ်တဲ့အကြောင်း Channel NewsAsia သတင်းမှာ ဖော်ပြပါတယ်။
စင်ကာပူကြက်ခြေနီအဖွဲ့ (SRC) ဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ နောက်ထပ် စင်ကာပူဒေါ်လာ ၆ သိန်းအပြင် ဂါဇာက ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် ရွက်ဖျင်တဲအလုံးရေ ၈၁၀ လောက်နဲ့ ဆီးရီးယားကို စင်ကာပူဒေါ်လာ ၆ သိန်းစီ ကူညီပေးမှာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မစ္စတာ ဘင်ဂျမင် ဝီလျံကတော့ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးလမ်းက ရှည်လျားပြီး ရှုပ်ထွေးဦးမယ်လို့ ပြောပါတယ်။
“ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေဟာ မကြာခင် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ရပ်ရွာလူထု အားလုံးဆီ အခြေခံလိုအပ်ချက်တွေ ရောက်ရှိနိုင်ဖို့ လနဲ့ချီပြီး နှစ်နှစ်လောက် ကြာနိုင်လိမ့်မယ်။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ငလျင်လှုပ်ပြီး တလလောက်ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
စင်ကာပူကြက်ခြေနီအဖွဲ့ကတော့ မြန်မာနဲ့ ထိုင်းနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အရေးပေါ် ကယ်ဆယ်ရေးတွေ ပြုလုပ်နိုင်ဖို့ ကနဦးပံ့ပိုးမှု စင်ကာပူဒေါ်လာ ၁၅၀,၀၀၀ ပေးအပ်ခဲ့ပြီးဖြစ်သလို အဲ့ဒီပံ့ပိုးမှုထဲမှာ ရေ၊ အစားအသောက်၊ စောင်၊ မိုးကာစတွေ၊ တ ကိုယ်ရေသုံးပစ္စည်းတွေ စတဲ့ မရှိမဖြစ် အသုံးအဆောင်တွေ ပါဝင်ပြီး မြန်မာနဲ့ ထိုင်း ကြက်ခြေနီအဖွဲ့တွေကတဆင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံက သုတေသီတွေဟာ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဆိုက်ဘာ့ဂ်ပိုးဟပ်တွေ ပို့ပေးအသုံးပြုခဲ့ပါသေးတယ်။