Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်းနေရသူ ၆ ဦး လက်နက်ခဲယမ်းများဖြင့် DMO Local PDF ထံ အလင်းဝင်
DVB
·
April 26, 2025

စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး ရှေ့တန်းကိုပို့လိုက်တဲ့ စစ်မှုထမ်းတပ်ဖွဲ့ဝင် ၆ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို(DMO Local PDF)ဆီကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဓမ္မခေါ်ထားခံရတဲ့ စစ်မှုထမ်းတပ်ဖွဲ့ဝင် ပြည်သူ့စစ် ၆ ယောက်ဟာ ဧပြီ ၁၆ ရက်နေ့က MA-1 သေနတ် ၅ လက်၊ MA -1 ကျည် ၄၅၅ တောင့် ၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန် ၁ လုံး၊ ဖုန်း ၇ လုံးကို ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာတာလို့ သိရပါတယ်။

သူတို့အကြောင်းကို သိရဖို့ DMO Local PDF ဆီကို ဆက်သွယ်ရာမှာ တပ်ရင်း တာဝန်ရှိသူက “လက်ရှိအချိန်အထိ အလင်းဝင်လာသူ မိသားစုရဲ့ လုံခြုံရေးအတွက် သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပဲ ရေးသားဖော်ပြဖြေဆိုသွားပါမယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ထောက်ပံ့ငွေအဖြစ် ၆၅ သိန်းကျပ်ပေးအပ်ထားပြီး မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကူညီပေးနေရင်း လုံခြုံစိတ်ချရတဲ့နေရာတခုမှာ စောင့်ရှောက်ထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။

စစ်တပ်ထဲမှာ WY ခေါ် မူးယစ်ဆေးဝါးတွေကို စိတ်ကြိုက်သုံးစွဲခွင့်ပြုထားပြီး အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်နှိပ်စက်တာတွေကိုလည်း မကြာခဏခံရလေ့ရှိတယ်လို့ အလင်းဝင်လာသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲတာ၊ အမည်စာရင်းနဲ့တကွ အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ထဲမှာ နှိပ်စက်ခံရတာ၊ အတင်းစစ်တိုက်ခိုင်းတာတွေကြောင့် နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေဆီကို ထွက်ပြေးခိုလှုံနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024