
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် အရှေ့ဘက်နားရှိ ဘာလာ့ရှိခါမြို့မှာ ဧပြီ ၂၅ ရက် သောကြာနေ့က ကားတစီး ပေါက်ကွဲခဲ့လို့ အကြီးတန်း စစ်ဘက်အရာရှိတယောက် သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။
အဲဒီအရာရှိဟာ ရုရှားစစ်တပ် အထွေထွေစစ်ဦးစီးချုပ်ရုံးရဲ့ ပင်မစစ်ဆင်ရေးညွှန်ကြားရေးဌာနမှ ဒုတိယအကြီးအကဲ ယာရိုစလာ့ဗ် မိုစ်ကာလိခ်ဖြစ်ပြီး ဒီဖြစ်ရပ်အတွက် ရာဇ၀တ်မှု ဖွင့်ထားကြောင်းလည်း ဆိုပါတယ်။
ရရှိထားသမျှ အချက်အလက်တွေအရ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ထည့်ဆင်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲသွားတာကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူဘယ်ဝါရှိကြောင်း ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေနဲ့ မီဒီယာသတင်းတွေအရ ဗိုလ်ချုပ် မိုစ်ကာလိခ်ဟာ ရုရှားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များစွာမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။
ရုရှားတရားဥပဒေစိုးမိုးရေးအေဂျင်စီ သတင်းရင်းမြစ်တွေရှိတဲ့ ရုရှားမီဒီယာ ဘာဇာက အရာရှိ ဖြတ်လျှောက်သွားချိန်မှာ ရပ်ထားတဲ့ ကားတစီးက ဗုံးတလုံးကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။
တိုက်ခန်းတခုရဲ့ အပြင်ဘက်မှာ ရပ်ထားတဲ့ ကားတန်းနားကို လူတယောက် ချဉ်းကပ်လာချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မော်တော်ယာဉ်တစီးရဲ့ အစိတ်အပိုင်းတွေ လေထဲ လွင့်တက်သွားတာကို ပြသနေတဲ့ ဗီဒီယိုဖိုင်ကို အိုက်ဇ်ဗက်စ်တီယာ သတင်းစာက ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယလူတယောက်လည်း သေဆုံးခဲ့သေးတယ်လို့ ကွန်မာဆန့် သတင်းစာက ရေးပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက အဆင့်မြင့် ရုရှား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ စစ်ဆင်ရေးတွေမှာ မော်စကိုက ကိယက်ဗ်ကို အပြစ်တင်ထားပါတယ်။
ဒီဇင်ဘာလတုန်းက ယူကရိန်းရဲ့ SBU ထောက်လှမ်းရေးဌာနဟာ ယူကရိန်းတပ်တွေကို ဓာတုလက်နက် အသုံးပြုမှုမှာ တာဝန်ရှိတယ်လို့ ကိယိဗ်က စွပ်စွဲထားတဲ့ ရုရှားဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိရိယော့ဗ်ကို သတ်ဖို့ လျှပ်စစ်စကူတာအတွင်း ဝှက်ထားတဲ့ ဗုံးကို အသုံးပြု သတ်ဖြတ်ခဲ့ပါတယ်။
မိုစ်ကာလိခ် သေဆုံးမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ယူကရိန်းထောက်လှမ်းရေး SBU မှ ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
Source: Reuters