DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ  ဘယ်နှပါတီ ဝင်ပြိုင်ကြမလဲ 
DVB
·
April 26, 2025
စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ  ဘယ်နှပါတီ ဝင်ပြိုင်ကြမလဲ 
Donate to DVB

နိုင်ငံရေးပါတီတည်ထောင်ခွင့် နောက်ဆုံးရက်ဖြစ်တဲ့ မေ ၉ ရက်ရောက်ဖို့ အချိန် သီတင်း ၂ ပတ်ပဲ လိုပါတော့တယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီကကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်ပါတီ ဘယ်နှပါတီ ရှိနေပါပြီလဲ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နောက်ဆုံးရ အခြေအနေတွေ ဘယ်လိုရှိနေပြီလဲ ကြည့်ကြရအောင်ပါ။

အခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ စုစုပေါင်း ၇၁ ပါတီရှိနေပြီလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ရက်အထိတော့ အသစ်လျှောက်ထားတဲ့ပါတီ ၂၁ ပါတီရှိခဲ့ပြီး အရင်ရှိပြီးသားထဲက ပြန်လည်လျှောက်ထားတဲ့ ပါတီကတော့ ၅၀ အထိ ရှိတာတွေ့ရပါတယ်။

အခုနောက်ဆုံး ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့တာကတော့ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီတို့ ဖြစ်ပါတယ်။

ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ လို့ အမည်ပြောင်းထားတဲ့ ကျားဖြူပါတီကတော့ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် မူဆယ်နဲ့ လားရှိုးအပါအဝင် တနိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အားလုံးအသင့်ပြင်ပြီးပြီလို့ ပြောပါတယ်။

ကျားဖြူပါတီခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းက “တနိုင်ငံလုံးပြိုင်မယ့်ပါတီက ၉ ပါတီရှိတယ်။ အဲဒီ ၉ ပါတီထဲမှာ ကျားဖြူပါတီပါတယ်နော်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတယ်ဆိုတော့၊ ဟို ၂၀၂၁ က အာဏာထိန်းထားတယ်ဆိုတော့ကာ မဲမသမာမှုကြောင့် ထိန်းတာကို၊ ဒီတခါတော့ မဲမသမာမှုတော့ မရှိတော့ဘူးပေါ့ မျှော်လင့်ရတာပေါ့ဗျာ ကျနော်တို့က။ ရွေးကောက်ပွဲဖြစ်မှပဲ သိမှာပေါ့” လို့ ပြောပါတယ်။

အခု အခြေအနေမှ တချို့ပါတီကြီးတွေအနေနဲ့ အဆင်ပြေနိုင်ပေမဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်တခုမှာပဲ ဝင်ပြိုင်မယ့် ပါတီတချို့ကတော့ ငွေရေးကြေးရေးကစလို့ ပါတီဝင်စုဆောင်းဖို့၊ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က “ဆိုင်းဘုတ်သွားတင်မယ်လုပ်ရင် ဆိုင်းဘုတ်တင်လို့ရှိရင် ဟိုဘက်က လာသေနတ်နဲ့ပစ်မလား၊ ဗုံးလာခွဲမလား။ ဒါမှမဟုတ်လို့ရှိရင် အစည်းအဝေးလုပ်နေချိန်လာပြီးတော့ စစ်သား စုဆောင်းရေး လုပ်ပြီးတော့၊ ပြောရရင် စစ်မှုထမ်းဥပဒေအရ လာလုပ်မလား၊ အာမခံချက်ပေးနိုင်လား။ ပြဿနာက ၂ ဘက်က လာနေတာလေ”  လို့ ပြောပါတယ်။

တကယ်လို့ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို ငလျင်အကြောင်းပြပြီး မရွှေ့ဆိုင်းဘူးဆိုရင် မေ ၉ ရက်နောက်ပိုင်း ပါတီတွေကို စစ်ဆေးတဲ့ကိစ္စ၊ နည်းဥပဒေထုတ်ရမယ့် ကိစ္စတွေရှိနေပြီး ရွေးကောက်ပွဲမကျင်းပခင် ၆ လအလိုမှာ ကြိုပြီး မဲဆွယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

ပါတီတွေကို သတ်မှတ်လူအင်အားပြည့်၊ မပြည့်နဲ့ ရုံးခန်းဖွင့်နိုင်မှုတွေကို စစ်ဆေးချိန်မှာ အခုရှိရင်းပါတီတွေထက် အရေအတွက် လျော့ကျလာနိုင်တယ်လို့ ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

ငလျင်ကြောင့်အထိအခိုက်များခဲ့ပေမဲ့ ငလျင်ကြောင့်ပဲ နိုင်ငံတချို့ရဲ့ အသိအမှတ်ပြုမှုနဲ့ အထောက်အပံ့တွေ ရလာတာကြောင့် စစ်တပ်အနေနဲ့ အမြတ်ထွက်ဖို့အတွက် ရွေးကောက်ပွဲကို ဆက်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ပြည်သူတရပ်လုံးကရော၊ ကမ္ဘာကြီးကရော လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကို၊ ဒါ အာဆီယံနိုင်ငံတွေကလည်း အခုသိပြီ၊ နောက် ပြောလည်းပြောနေပြီ။ သို့သော် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အီရန်၊ အာဆီယံနိုင်ငံ တဝက်ကတော့၊ ထိုင်း အဲဒါတွေကတော့ သေချာအသိအမှတ်ပြုလိမ့်မယ်လို့ အသေအချာ ပြောနိုင်ပါတယ်ဗျာ” လို့ ပြောပါတယ်။

အခုရှိနေတဲ့ ပါတီစုစုပေါင်း ၇၁ ပါတီဆိုတာ လျှောက်ထားတဲ့ စာရင်းပဲဖြစ်ပြီး စစ်တပ်လက်အောက်ခံ UEC ကတော့ ပါတီအသစ်ထဲက ၁၄ ပါတီနဲ့ ပါတီအဟောင်းထဲက ၄၀ ပါတီဝန်းကျင်ကိုပဲ မှတ်ပုံတင်ခွင့် ပြုထားသေးသလို စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို မယုံကြည်လို့ မှတ်ပုံပြန်မတင်တဲ့ ပါတီတွေလည်း ၄၀ ထက်မနည်းရှိနေပါတယ်။

စစ်တပ်က နိုင်သူအကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ် ၂ ခုလုံးနဲ့ပါ ကျင်းပဖို့ ရှိတယ်လို့ ပြောထားပေမဲ့ စစ်ရေးအရရှုံးနိမ့်နေတာကြောင့် နိုင်ငံရေးအရ ထွက်ပေါက်ရှာတဲ့ ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေက  လက်မခံကြောင်း ပြောဆိုထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013