DVB Logo
Home
မြန်မာသတင်း
ငလျင် ၁ လပြည့်အထိ ပြည်သူ ၄၀,၀၀၀ ကျော် ယာယီတဲများ၌ နေနေကြရ
DVB
·
April 26, 2025
ငလျင် ၁ လပြည့်အထိ ပြည်သူ ၄၀,၀၀၀ ကျော် ယာယီတဲများ၌ နေနေကြရ
Donate to DVB

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး တလနီးပါးကြာတဲ့အချိန်တိုင်အောင် ကလေးသူငယ်တွေအပါအဝင် ငလျင်ဒုက္ခသည် ၄၀,၀၀၀ ထက်မနည်းဟာ ယာယီတဲတွေ၊ အမိုးအကာတွေအောက်မှာ နေထိုင်နေရတဲ့အကြောင်း Save the Children အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ သိန်းလောက်ထဲ အမျိုးသမီးတွေနဲ့ ကလေးသူငယ်အရေအတွက်  ၄၂,၀၀၀ လောက် ပါဝင်နေကာ သူတို့ဟာ မိုးသည်းထန်တာ၊ အပူဒဏ်လွန်ကဲတာတွေ စတဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်မရှိတဲ့ ယာယီတဲ ၁၄၅ လုံးထဲ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

Save the Children အဖွဲ့ရဲ့ ယာယီ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဂျယ်ရမီ စတုန်နာက “မြန်မာနိုင်ငံက ကလေးတွေအတွက် အိပ်မက်ဆိုးတွေက မပြီးဆုံးနိုင်သေးပါဘူး။ အများစုက ရေရှည်မှာ မလုံလောက်တဲ့ ယာယီအမိုးအကာတွေမှာ နေထိုင်နေကြရပါတယ်။ နှစ်စဉ် မုတ်သုံရာသီမတိုင်မီ ဒါမှမဟုတ် မိုးရာသီမတိုင်ခင်မှာ စာသင်ကျောင်းတွေအပါအဝင် အရေးကြီးတဲ့ အဆောက်အအုံတွေကို ဘယ်လိုပြုပြင်ကြမလဲဆိုတာကိုလည်း စိုးရိမ်နေကြပြီး ရုန်းကန်နေရတဲ့ မိသားစုတွေအတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အလှူရှင်တွေအနေနဲ့ ချက်ချင်းသက်သာရာရပြီး ဆောလျင်စွာ ပြန်လည်ထူထောင်နိုင်စေဖို့ လျင်မြန်ပြီး လိုက်လျောညီထွေရှိမယ့် နှစ်ရှည်ရန်ပုံငွေတွေနဲ့ အမြန်ဆုံး တုံ့ပြန်ရပါမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ငလျင်ဒုက္ခသည် အများအပြားဟာ သောက်သုံးရေနဲ့ ယုံကြည်စိတ်ချရတဲ့ ရေသန့်အရင်းအမြစ်တွေ လက်လှမ်းမီမှု နည်းပါးပြီး ရေနဲ့ ခြင်ကြောင့်ဖြစ်တဲ့ ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပျံ့နှံ့မှုကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူဦးရေ ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်တိုက်တာအအောက်အအုံတွေလည်း များစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Save the Children အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံ ဒေသအများစုမှာ ရှိနေကြပြီး နေအိမ်နဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရသူတွေအတွက် လိုအပ်တဲ့ အသက်ကယ် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေကို ကလေးသူငယ်တွေနဲ့ မိသားစတွေဆီ အရေးပေါ် ထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ Save the Children အဖွဲ့ဟာ ဆန်၊ ပဲမျိုးစုံ၊ ဆားနဲ့ ငါး သေတ္တာအပါအဝင် အစားအစာတွေကို လူပေါင်း ၂၂,၀၀၀ ကျော်ဆီ ဖြန့်ဝေပေးခဲ့ပြီး အိပ်ဖျာ၊ ခြင်ထောင်၊ တာပေါ်လင်၊ နိုင်လွန်ကြိုးတွေနဲ့ ဝါးတွေအပါအဝင် အရေးပေါ် အိမ်သုံးပစ္စည်း ၁၀,၀၀၀ နီးပါးနဲ့ ငလျင်ဒဏ်ခံပြည်သူတွေအတွက် အမိုးအကာ ၆၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။Source : Save the Children 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013