DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ကနီကို  ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံး
DVB
·
April 26, 2025
ဘုတလင်နှင့် ကနီကို  ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ်ကို စစ်တပ်က လက်နက်ကြီး၊ စက်တပ်လေထီးနဲ့ ပစ်ခတ်ဗုံးကြဲလို့  ပြည်သူ ၄ ယောက် သေဆုံးပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။

ဘုတလင်မြို့နယ်အတွင်းကို နမခအထိုင်စခန်းက ဧပြီ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီ ၄၅ မိနစ်အထိ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ် ဒေသခံတယောက်က “ပစ်တာက ဟောင်ဝှစ်ဇာလက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တာဗျ။ ကျရောက်ပေါက်ကွဲတဲ့ နေရာက ဘုတလင်နယ် အရှေ့တောင်ပိုင်းက ဆိတ်လူးအိုင်ရွာ၊ အောင်သာရွာနဲ့ ရွာဟောင်းရွာ စတဲ့ ၃ ရွာကြားက လမ်းဆုံကိုကျတာဗျ။ လမ်းဆုံမှာ ဈေးရောင်းတဲ့ ဈေးဆိုင်ရှေ့ကိုကျပြီး ဈေးရောင်းနေတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ပြုံးချို ရင်ဘတ်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်ဗျ။ ဈေးဆိုင်လည်း ထိခိုက်ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာဟောင်းရွာ၊ ဆိတ်လူးကန်ရွာနဲ့ အောင်သာရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဧပြီ ၂၄ ရက်ကလည်း ကြို့ကုန်းရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ရပါသေးတယ်။

ကနီမြို့နယ်မှတော့ ဧပြီ ၂၅ ရက် မနက် ၇ နာရီလောက်က ဆူးလေကုန်းကျေးရွာကို နမခ က တက်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆူးလေကုန်းရွာသားတယောက်က “စက်တပ်လေထီးနဲ့ ၂ ကြိမ်ကြဲသွားတာပါဗျ။ တကြိမ်က ရွာအစပ်ကျပါတယ်။ ကျန်တဲ့တကြိမ်ကတော့ တောထဲမှာကျတာပါ။ ဗုံးစထိမှန်ပြီး သေဆုံးတဲ့ အမျိုးသားကတော့ ကိုစိုးနိုင်လို့ ခေါ်တယ်ဗျ။ တောကနေ တောင်သူလုပ် ပြန်လာရင်း ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရတယ်။ ဗုံးစမှန်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေသေးပါတယ်ဗျ။ ၅ နှစ်သားအရွယ် ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသပေးနေတယ်” လို့ ပြောပါတယ်။

ဆူလေကုန်းရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ အကြိမ်ကြိမ် ဗုံးကြဲချနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ဗုံးကြဲလို့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်တပ်ကတော့ အပစ်ခတ်ရပ်စဲမှုကို ၁ ပတ် သက်တမ်းထပ်တိုးတယ်‌‌လို့ ကြေညာပြီး မြေပြင်မှာ ထင်သလို ပြည်သူကို သတ်ဖြတ်နေတယ်။ ဆူးလေကုန်းရွာကို ၁၂၀ မမနဲ့ ဗုံးသီး ၂ လုံးချတယ်။ အိုင်တောင်ရွာ၊ နတ်ကြီးရွာတွေကိုလည်း ဗုံးသီးချတယ်။ အဲရွာတွေကတော့ လူအထိခိုက်မရှိဘူးလို့သိရတယ်။ စစ်တိုက်တယ်ဆိုရင် စစ်ကို စစ်နဲ့ တူအောင်တိုက်ပါ။ အောက်တန်းစား စစ်ပရိယာယ်ဆိုတဲ့ စကားလုံးလေးသုံးပြီး အရပ်သားပြည်သူတွေကို ထပ်ပြီး သတ်မနေပါနဲ့။ သတ္တိရှိရင် မြေပြင်စစ်ကြောင်းထိုးလာပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၄ ရက်ကလည်း ကနီမြို့နယ်က ကျေးရွာ ၇ ရွာကို စစ်တပ်က လေကြောင်းကနေ Y12၊ Mi 35၊ ဒရုန်းနဲ့ စက်တပ် လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013