
ထိုင်းမှာ ကျောင်းသားဗီဇာနဲ့ တရားမဝင် အလုပ်လုပ်တာတွေကို တားဆီးဖို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ့်အပေါ် မြန်မာကျောင်းသားတွေဆီ သက်ရောက်မှာကို စိုးရိမ်နေကြပါတယ်။
ကျောင်းသားဗီဇာ ခွင့်ပြုထားတာတွေကို ထိုင်းအစိုးရက ပြန်လည် စိစစ် တင်းကျပ်သွားမှာဖြစ်ပြီး ထိုင်းအဆင့်မြင့်ပညာဝန်ကြီးဌာန (MHESI) နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး ပညာရေးဗီဇာနဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းရောက် မြန်မာကျောင်းသားတယောက်က “အတန်း ပုံမှန်မတက်ဘဲ အပြင်မှာ အလုပ်လုပ်နေရတဲ့ သူငယ်ချင်းတွေရှိတယ်။ သူတို့ကကျတော့ ကျောင်းက စိစစ်လာတဲ့အခါ Roll call မပြည့်တော့ ကျောင်းဘက်ကလည်း Immigration က စစ်လာတဲ့အခါ ကာပေးတာမျိုး ရှိမှာမဟုတ်တော့ သူတို့အနေနဲ့ ဗီဇာမရဘဲ မြန်မာပြည်ပြန်ပို့ခံရမှာကို စိတ်ပူတာတွေရှိတယ်။ အချိန်ပိုင်း အလုပ်သွားလုပ်ရသူတွေအတွက်တော့ စိတ်ပူတယ်။ အခုတလောက အစစ်အဆေးကလည်း အရမ်းများပြီး အလုပ်ဗီဇာနဲ့ မဟုတ်ဘဲ အလုပ်လုပ်နေတဲ့သူတွေလည်း ဖမ်းတာ တအားများလာတော့ ဒီမှာနေတဲ့ လူငယ်တွေအနေနဲ့ ကျောင်းသားဗီဇာနဲ့ အလုပ်လုပ်ဖို့က တော်တော်ကြီး ခက်ခဲလာမယ် မြင်မိပါတယ်” လို့ ပြောပါတယ်။
ထိုင်းတက္ကသိုလ်တွေကနေ စီမံခန့်ခွဲတဲ့ ဘွဲ့ဒီဂရီမဟုတ်တဲ့ တခြား ကာလတို သင်တန်းတွေအပေါ်မှာ အစိုးရရဲ့ ကြီးကြပ်မှု အားနည်းနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေဟာ ကျောင်းသားဗီဇာကို အလွဲသုံးစားလုပ်ပြီး ဆောက်လုပ်ငန်းရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်တာမျိုးတွေ တွေ့ရှိကြောင်း ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ချင်းမိုင် MCU တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကိုနန္ဒက “တခြားနိုင်ငံက နိုင်ငံခြားသားတွေကြောင့်သော်လည်းကောင်း၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေကြောင့် သော်လည်းကောင်း၊ ဘယ်သူ့ကြောင့်လဲ မသိပေမဲ့ ED visa (ပညာရေးဗီဇာ) ကိုင်ပြီး အလုပ်လုပ်နေတဲ့အခါ ထိုင်းအစိုးရအနေနဲ့ တင်းကျပ်မယ့်ကိစ္စတွေ ကြားနေရတာ ရှိတယ်။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့က တရားမဝင် ခိုးဆိုးလုနှိုက် နေတာလည်း မဟုတ်ဘူး။ သူများနိုင်ငံကို စော်ကားပြုမူနေတာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ အသက်ရှင် ရပ်တည်မှုအတွက် ကိုယ့်ရဲ့ ဝမ်းရေးပဲဖြစ်ဖြစ်၊ နေထိုင်ရေးပဲဖြစ်ဖြစ် ဖြေရှင်းနေရတဲ့အပေါ်မှာ ထိုင်းအစိုးရအနေနဲ့ အဲ့လောက်ထိ ကြပ်မတ်တာမျိုး မဖြစ်သင့်ဘူး။ Part Time Job ဆိုတာ အခြားနိုင်ငံတွေမှာလည်း လုပ်ခွင့်ပြုထားတော့ သူတို့ အဲ့လောက်ကြီးထိ ဆိုးဆိုးဝါးဝါး လိုက်ထိန်းချုပ်တာမျိုးကတော့ သိပ်မကြိုက်ဘူး” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့ တရားမဝင် တရုတ် အလုပ်သမားတွေကို ကျောင်းသားဗီဇာ ထုတ်ပေးတာမရှိဘူးလို့ ထိုင်းမြောက်ပိုင်းက တက္ကသိုလ်တွေက ထုတ်ပြန်ထားပါတယ်။
ပြီးတော့ အတန်းတက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ပြီး ပျက်ကွက်တဲ့ ကျောင်းသားတွေရဲ့ ဗီဇာကိုလည်း ပယ်ဖျက်မယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။
ဇွဲသစ်