DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်ထဲကို ဗုံးကြဲသဖြင့် ပြည်သူ ၂ ဦးသေ၊ ဗလဘရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
DVB
·
April 26, 2025
ရေစကြိုမြို့နယ်ထဲကို ဗုံးကြဲသဖြင့် ပြည်သူ ၂ ဦးသေ၊ ဗလဘရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
1 / 9
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ယောက် သေဆုံးခဲ့သလို မြေပြင်စစ်ကြောင်းကလည်း ရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ကြလို့ ဗလဘကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက “ရေစကြိုတောင်လက်ဘက်က ဆင်မရဲရွာနဲ့ အဲဒီရွာရဲ့အနောက်တောင်ဘက်နားမှာရှိတဲ့ လေးယာပြည့်ရွာတွေကို ဂျက်ဖိုက်တာနဲ့ ညပိုင်းကြီး ဗုံးကြဲသွားတာ။ လူနေအိမ်တချို့ပျက်စီးတယ်။ ပြည်သူ ၂ ယောက် ဆုံးသွားတယ်။ အရင်ရက်တွေကလည်း တခြားတွေကို လက်နက်ကြီးနဲ့ပစ်တာတွေ၊ စစ်ကြောင်းထိုး မီးရှို့တာတွေ ရှိခဲ့သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၃ ရက်နေ့၊ ည ၉ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆင်မရဲကျေးရွာက အသက် ၇၀ အရွယ် ဒေါ်စန်းမြင့်ကြည် ဦးခေါင်းထိမှန်ဒဏ်ရာရပြီး သေဆုံးခဲ့ရသလို လေးယာပြည့်ကျေးရွာက နှလုံးရောဂါအခံရှိတဲ့ အသက် ၄၀ ကျော်အရွယ် ကိုညိုလင်းအောင် ဟာလည်း ရုတ်တရက်နှလုံးခုန်ရပ်တန့် သေဆုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းဟာလည်း ဧပြီ ၂၁ ရက်နေ့မှာ ရေစကြိုမြို့နယ်ထဲက ဗလဘကျေးရွာကို ဝင်ရောက်စီးနင်း ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဝေယံ က “ကြူရွာဘက်မှာ တပ်စွဲနေကြတဲ့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်က ရေစကြို ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက စစ်၊ ရဲနဲ့ပျူ ပူးပေါင်းအင်အား ၁၅၀ လောက်က ဗလဘ ရွာကို လက်နက်ကြီးတွေနဲ့အရင်ပစ်ပြီးမှ ဝင်စီးပြီးတော့ ရွာခံတွေရဲ့ ဆန်တွေ၊ ဆီတွေ၊ စားစရာတွေနဲ့ တီဗွီတွေ၊ ပရိဘောဂပစ္စည်းတွေအကုန်ခိုးတာ။ ပြီးတော့ ပြည်သူကိုကျေးဇူးဆပ်ခဲ့တဲ့အနေနဲ့ အိမ်တွေကိုမီးရှို့သွားကြရော။ အိမ်ခြေ ၃၀၀ ကျော်လောက် ရှိတဲ့ရွာက ကုန်သလောက်ပဲ။ ရွာလုံးကျွတ်ပဲ ပြောပါတော့။ ပြည်သူတွေကတော့ အရင်ရက်က လေကြောင်းတိုက်ခိုက်ခံရလို့ ရွာထဲမှာမနေရဲကြဘူး။ လူဦးရေကတော့ ၁,၀၀၀ ကျော်မှာပေါ့ ဒုက္ခမျိုးစုံရောက်ကြရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၀ ရက်နေ့က ကြူရွာမှာ ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို ဗလဘ ကျေးရွာကို ဆက်လက်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းမှာတော့ ပခုက္ကူဘက်ကိုပြန်လည်ထွက်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ​တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ဗလဘ‌ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချခဲ့လို့ အသက် ၈၀ အရွယ် ဦးအောင်သန်း သေဆုံးခဲ့ပြီး ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၁၀ လုံးနီးပါးပျက်စီးသွားပြီး ဘုန်းကြီးကျောင်းဆောင် ၁ ခု၊ မီးစက်ရုံနဲ့ အုတ်တံတိုင်းတွေလည်း ထိမှန်ပျက်စီးခဲ့သေးတယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက် ကော်မတီဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013