DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ်ဟာ တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
November 8, 2014
အဖွဲ့ချုပ်ဟာ တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
1 / 7
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ဟာ ဗမာပါတီမဟုတ်ဘဲ  ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

“အရေးကြီးတဲ့ကိစ္စတခုကတော့ ကျမ တိုင်းရင်းသားတွေနဲ့ အမြင်ချင်းဖလှယ်ချင်ပါတယ်။ အဲ့ဒါဘာလဲဆိုလို့ရှိရင် တချို့တွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ အဲ့ဒီလို ဆိုလိုချင်တာပါ။ ကျမကတော့ ရဲရဲတင်းတင်းပြောရဲပါတယ်။ ကျမတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီ ဟုတ်မဟုတ်၊ ၁၉၉၀ ရွေးကောက်ပွဲ ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်။ ဘယ်တော့မဆို ကျမတို့ဟာ ကျမတို့ရဲ့ပါတီကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ ကျမတို့ သတ်မှတ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥတ္တရ သီရိ မဲဆန္ဒနယ်အမတ် ဦးမင်းသူကလည်း လမ်းတလျှောက် မြို့တွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တို့မှာလည်း ဒါကိုပဲ အလေးထား ပြောခဲ့တယ်လို့ ဆိုပါတယ်။

“လမ်းတလျှောက်မြို့တွေမှာ အဓိက ပြောခဲ့တာက အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အားလုံးကိုယ်စားပြုတဲ့ပါတီ၊ အဖွဲ့ချုပ် စတင်ထူထောင်ကတည်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုတာကို ဘယ်သူမှ မကြွေးကြော်ခင်ကတည်းက ထည့်ထားခဲ့တာ ဖြစ်တယ်။ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်လို့ အဓိကထား ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ဖယ်ခုံမြို့ကို ခတ္တရောက်ရှိစဉ် မြို့ခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးဖြစ်စဉ်တခုတည်းမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုပဲ။ ယဉ်ကျေးမှုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ တဦးနဲ့တဦး ဆွေးနွေးပြီးတော့ ပြဿ     နာတွေကို ဖြေရှင်းနိုင်တဲ့ ပညာရှိရမယ်၊ ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။ တချို့က ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။ တချို့က သိလျက်နဲ့ မလုပ်ချင်ကြဘူး၊ မလုပ်ရဲကြဘူး။ ကျမတို့ ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ရာမှာ လမ်းမှာတွေ့ဆုံရမယ့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ အားလုံးက ညှိနှိုင်းပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံရမယ်၊ အကောင်အထည်ဖော်ရမယ်။

"ဒါကြောင့် တိုင်းရင်းသားတွေအနေကဆိုလို့ရှိရင် ကျမတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတာဟာ ပြည်ထောင်စုအတွက် ဆောင်ရွက်နေတာပါလို့ အဲလိုပဲ စဉ်းစားစေချင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း မဟုတ်ဘူး၊ တိုင်းရင်းသား လူမျိုးစု တစုအတွက်လည်း မဟုတ်ဘူး၊ ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုတဲ့ ယုံကြည်ချက်ကို ရှိရင် ဒီယုံကြည်ချက်ကနေ အင်အားတွေ သတ္တိတွေ အများကြီး ထွက်လာမှာ ဖြစ်ပါတယ်။”

ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီည လွိုင်ကော်မှာအိပ်ပြီးရင် မနက်ဖြန်နေပြည်တော်ပြန်မှာ ဖြစ်ပါတယ်။

[gallery ids="70253,70254,70255,70256,70257,70258"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013