DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ထဲက စခန်းပွိုင့် ၂ ခုကို စစ်ကောင်စီ ပြန်သိမ်း 
DVB
·
April 25, 2025
မတ္တရာမြို့နယ်ထဲက စခန်းပွိုင့် ၂ ခုကို စစ်ကောင်စီ ပြန်သိမ်း 
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံ စတဲ့မြို့နယ်အသီးသီးမှာ စစ်ကောင်စီက သာလွန်အင်အားသုံးပြီး နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးစားနေသလို ပြီးခဲ့တဲ့ရက်ပိုင်းက မတ္တရာ မြို့နယ်ထဲက PDF တွေ သိမ်းထားတဲ့ စခန်းပွိုင့် ၂ ခုကို စစ်ကောင်စီက ပြန်သိမ်းထားတာကြောင့် မြေပြင်စစ်ရေးတင်းမာနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူကပြောပါတယ်။ 

စစ်ကောင်စီက ငလျင်ဒဏ်သင့်ပြည်သူတွေကိုကူညီဖို့ ထိုးစစ်တွေရပ်ထားမယ်လို့ကြေညာပေမဲ့ လက်တွေ့မှာတော့ နယ်မြေစိုးမိုးမှုပြန်ရဖို့ နည်းလမ်းစုံသုံးနေတယ်လို့ ဆိုပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “ပါသွားတာ ၂ ပွိုင့်၊ ကိုယ့်ဘက်က ၂ ပွိုင့်ပါသွားတာ၊ အဲ့ဒါတော့ ပြောရတာ သိပ်တော့မကောင်းပါဘူး။ ကျနော်လည်း မပြောဘဲနေတာပဲ မေးလို့မို့လို့။ ပြီးခဲ့တဲ့ရက်ကလေ၊ ၂၀- ၂၁ လောက်က။ မနေ့က ညနေ ၄ နာရီကျော်ကတော့ သရက်ကိုင်း-မြကန်သာဘက်ကနေပြီးတော့ ထန်းပင်ကုန်း-ကုန်းသာဘက်နဲ့ အယ်လဖာဘက်ကို လှည့်ပြီးတော့ ပြောင်းကြီးနဲ့ ၆ ချက်လောက်ပစ်တာရှိတယ်။ ထိခိုက်မရှိဘူး ကွင်းတွေထဲကျတာ၊ ထိခိုက်ဒဏ်ရာတော့ သတင်းမကြားဘူး ကျနော်လည်းလိုက်တယ်၊ အခုဒီနေ့မနက် ဖုန်းခေါ်ရတာ ခက်နေတယ်၊ ဖုန်းခေါ်လို့မရဘူး။ စဉ့်ကူးဘက်ကတော့ ထူးထူးခြားခြားမကြားဘူး၊ လေယာဉ်ဗုံးချလို့ ထအော်မှပဲ၊ ကျန်တဲ့ဥစ္စာမရှိဘူး၊။ သပိတ်ကျင်းဘက်ကတော့ ၇မိုင်ဘက် လေကြောင်းချတာတို့ဘာတို့ပေါ့။ ၁၉ ရက်နေ့ညနေက ရေထွက်ကိစ္စပြီးတော့ နောက်ထပ်မရှိပါဘူး၊ မန္တလေးက စကစတွေ ခြေရှုပ်နေတာတော့ရှိတယ်၊ ခြေပုန်းခုတ်နေတာ ရှိတယ်၊ အဓိကကတော့ လားရှိုးကိုပြန်ဝင်တဲ့ကိစ္စတွေပါပဲ။ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ ခြေရှုပ်နေတာတွေလေ” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နန်းမြင့်တောင်ကြားလမ်းပိုင်းကို စစ်ကောင်စီက အခုရက်ပိုင်းမှာ သာလွန်အင်အားနဲ့ဖိအားပေးပြီး ပြန်ထိန်းချုပ်ထားပါတယ်။ 

မြင်းခြံမြို့အဝင်မှာရှိတဲ့ နန်းမြင့်တောင်အနီး မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ဖို့ မြင်းခြံမြို့မှာ တပ်စွဲထားတဲ့ တပ်မ ၉၉ က မတ် ၂၄ ရက်နေ့ကစပြီး ၂၈ ရက်အထိ ၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

အစောပိုင်းရက်တွေမှာ PDF တွေက လမ်းပိုင်းကိုပြန်မပေးရပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက အင်အားထပ်တိုးချလာတာကြောင့် နောက်ဆုတ်ပေးထားရတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ မှ ကိုဗညားက ပြောပါတယ်။

“မြင်းခြံစစ်ရေးအခြေအနေ နည်းနည်းတင်းမာနေပါတယ်။ အင်အားတွေ ထပ်ဖြည့်ထားတယ်။ စစ်ကြောင်းထိုးမယ်လို့လည်း ကြားနေတယ်။ နန်းမြင့်တောင် တောင်ကြားလမ်းပိုင်းကို ပြန်ပြီးတော့ ယူတဲ့ သဘောမျိုးပေ့ါ။ ကျနော်တို့က ပြန်ပေးလိုက်ရတာပေါ့၊ အဲ့လိုသဘောပါပဲ။ ကျနော်တို့နဲ့ ထိတွေ့တွေစဖြစ်တော့ အင်အားက ၂၀၀ ကျော် ၃၀၀ လောက်ရှိတာကိုး။ ပျူစောထီးတွေ သီတာယုမွန်တို့အဖွဲ့က မပါဘူး၊ တပ်ကချည်းလာတ။ ညောင်ဦးဘက်ကလာတဲ့ ကောင်တွေ၊ ၉၉ ကကောင်တွေ ချည်းပဲ။ ကျန်ခဲ့တဲ့ ၃ ရက်မြောက်နေ့တုန်းက ကား ၁၀ စီးနဲ့ လက်နက်ခဲယမ်းတွေ လာဖြည့်တယ် အနောက်ဘက်လမ်းကနေပြီးတော့၊ သူတို့ကလည်း တောင်ကြားလမ်း ပြန်လိုချင်တာနဲ့ ကိုယ်တွေကလည်း ကာကင်းပုံစံပဲ ပြန်နေရတာပေါ့။”

မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂ ပတ်ကြာ အပစ်ရပ်စဲထားဖို့ ကြေညာချက်ထုတ်ခဲ့သလို စစ်ကောင်စီကလည်း ဧပြီ ၂ ရက်နေ့မှာ အလားတူကြေညာချက်ထုတ်ခဲ့တာပါ။ 

လက်တွေ့မှာတော့ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

မတ် ၂၈ ရက်နေ့ကနေ ဧပြီ ၂၄ ရက်နေ့အထိ တလနီးပါးကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂၇ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013