
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒါကို “မနှစ်မြို့ဘူး” လို့ ဆိုကာ ရပ်တန့်ဖို့အတွက် သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညပိုင်းမှာ ရုရှားဘက်က ကိယက်ဗ်မြို့ကို တိုက်ခိုက်မှုအတွင်း အနည်းလူ ၁၂ ယောက် သေဆုံးကာ နောက်ထပ် ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ခံဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အပေါ် ဖိအားပေးနေချိန်လည်း ဖြစ်ပါတယ်။
အဲဒီနောက် ရုရှားသမ္မတ ပူတင်ကို ထရမ့်ပ်က “မလိုအပ်ဘူးလေ၊ အချိန်ကောင်းလည်း မဟုတ်ဘူး၊ ဗလာဒီမာ ရပ်လိုက်တော့!” ဆိုပြီး သူရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရှားရှားပါးပါး ဝေဖန်ခဲ့ပါတယ်။
နော်ဝေဝန်ကြီးချုပ်နဲ့အတူ အိမ်ဖြူတော်မှာရှိနေစဉ် ထရမ့်ပ်က “ဘယ်သူ့ဘက်မှ မလိုက်ပါဘူး”၊ “အသက်တွေကိုသာ ကယ်တင်လိုတာဖြစ်တယ်” ဆိုပြီး ထပ်ပြောသွားပါတယ်။
ဒါ့အပြင် ထရမ့်ပ်က ပူတင်အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမဲ့လည်း ဘယ်လိုအရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ယူကရိန်းနဲ့ ရုရှားကြား သဘောတူညီချက် ရ၊ မရ သိအောင် တပတ်စောင့်ကြည့်မယ်လို့ ဆိုတဲ့အပြင် ဗုံးကြဲတိုက်ခိုက်မှုပါ မရပ်တန့်ရင်တော့ “အကျိုးဆက်တွေ ရှိလာမှာပဲ” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ရောက်ရှိနေတဲ့ ဇလန်းစကီး ကလည်း အမေရိကန်အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရဖို့ ရုရှားကို ဒီ့ထက်ပိုပြီး ဖိအားပေးနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
ရုရှားရဲ့ လိုက်လျောချက်က ဘာလဲဆိုပြီး ထရမ့်ပ်ကို မေးမြန်းရာမှာတော့ “ယူကရိန်းတနိုင်ငံလုံး သိမ်းယူမှု ရပ်ထားတာပါ” လို့ တုံ့ပြန်ဖြေဆိုပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းကျွန်းဆွယ် ခရိုင်းမီးယားကို ရုရှားရဲ့ တရားမဝင်သိမ်းပိုက်မှုအပေါ် အသိအမှတ်ပြုရမယ့် အချက်ဟာ ဇလန်းစကီးအတွက် နိုင်ငံရေးအရ မဖြစ်နိုင်တဲ့အပြင် ဒေသခံတွေအတွက်ပါ စွန့်ပစ်ရာရောက်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
Source : Reuters