
ငလျင်နဲ့ ဆက်စပ်အာမခံ အမျိုးအစားတွေကို ငလျင်ကြောင့် အထိအခိုက်များတဲ့ မြို့နယ်တွေမှာ အာမခံရောင်းချမှုကို လတ်တလော ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်အပြီးမှာ မြန်မာ့အာမခံလုပ်ငန်းက မန္တလေး၊ နေပြည်တော် စတဲ့ဒေသတွေမှာ အာမခံထားရှိရာ အဆောက်အအုံတွေ၊ လုပ်ငန်းတွေအတွက် ကျပ်ငွေဘီလီယံ ထောင်နဲ့ချီပြီး ပေးလျော်နေပေမဲ့ ငလျင်နဲ့ဆက်စပ်တဲ့ အာမခံကိုတော့ ငလျင်လှုပ်ခတ်ရာဒေသတွေမှာ လတ်တလော ရောင်းချမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
မြန်မာ့အာမခံလုပ်ငန်းနဲ့ နီးစပ်သူတယောက်က “ကျနော်တို့ မန္တလေးမှာ ဖြစ်ပြီးမှ ဆက်သွယ်လာတဲ့သူတွေလည်း ဆက်သွယ်လာတယ်။ ထားပေးမယ်၊ လောလောဆယ် သူတို့က မတည်ငြိမ်သေးဘူးလေ။ ပြန်လည်ထူထောင်ရေးလုပ်နေလို့။ နည်းနည်းငြိမ်သွားရင် ကျနော်တို့ လာပြီးတော့ လက်ခံဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ပြောထားတယ်။ ဒါဖြစ်ရင် ဒီလိုရလား လက်တွေ့ကြုံမှ သိရတယ်လေ။ သိတဲ့အခါကျတော့ ထားချင်လို့ပါဆိုပြီး ကျနော်တို့ဌာနကို ဆက်သွယ်လာတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အာမခံကုမ္ပဏီတချို့က သဘာဝဘေး အာမခံ ရောင်းချတာကို ယာယီရပ်ဆိုင်းထားခဲ့တာပါ။
ငလျင်ကြောင့် နေအိမ်အဆောက်အအုံတွေ ပြိုကျပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး မိမိပိုင်ဆိုင်မှုတွေအတွက် စိုးရိမ်စိတ်ကြီးမားနေချိန် အာမခံကုမ္ပဏီတွေက သဘာဝဘေးအာမခံ ရောင်းချမှု ရပ်နားလိုက်တဲ့အပေါ် ပြည်သူအများစုက ဝေဖန်ထောက်ပြနေကြပါတယ်။
ငလျင်နဲ့ဆက်စပ်အာမခံက မီးအာမခံနဲ့ တွဲဖက်ထားနိုင်တဲ့ အာမခံအမျိုးအစားပေါင်း ၁၁ မျိုးထဲမှာ ပါဝင်တာဖြစ်ပြီး မြေကျွံ၊ မြေပြို၊ မြေငလျင်၊ မီးနဲ့ ပြိုအက်ပျက်တာ စတဲ့ အာမခံအမျိုးအစားတွေ ဖြစ်ပါတယ်။
လတ်တလော ငလျင်နဲ့ဆက်စပ်အာမခံ အမျိုးအစားတွေကို ရန်ကုန်မြို့က ထားလို့ရရှိပြီး ငလျင်ကြောင့် အထိအခိုက်များတဲ့ မြို့နယ်တွေမှာတော့ ထားလို့မရဘူးလို့ အာမခံကိုယ်စားလှယ် တယောက်က ပြောပါတယ်။
“နယ်တွေကတော့ မပေးသေးဘူး။ တချို့နယ်တွေ မပေးသေးဘူး။ ရန်ကုန်ကျတော့ ရတယ်။ တချို့နယ်တွေဆိုတာ မန္တလေးတို့၊ နေပြည်တော်တို့ အရမ်းဆိုးတဲ့နယ်တွေ။”
ပြီးခဲ့တဲ့ မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီးကြောင့် ပြတ်ရွေ့ကြောတလျှောက်ရှိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ အပျက်အစီး အထိအခိုက် များခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဟန်န