
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသအတွင်းကို စစ်ကောင်စီတပ်က ဧပြီ ၂၄ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၄ ရက် ညနေ ၃ နာရီကျော်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ၆ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတဲ့အပြင် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဒေသအခေါ်အဝေါ်က အမှတ် ၂ နားမှာဖြစ်တာ၊ ၆ ယောက် သေဆုံးတယ်လို့ ကြားတယ်။ ထိခိုက်မှုများတယ်။ ခွဲစိတ်တဲ့နေရာတွေ ခွဲပို့ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်တဲ့အပြင် တရုတ်လူမျိုးတယောက်လည်း ပါဝင်တယ်လို့ ကနဦးသိရပြီး ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှု အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာလည်း မယ်စဲ့မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလလတရုံးနဲ့ ပြည်သူ့နေအိမ် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ် ၇ ရက်ကလည်း မော်ချီးထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဒီတကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။