တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာကို ဧပြီ ၂၄ ရက်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး နောက်ထပ်တယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ရေနံတောင်ကျေးရွာကို ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၅ မိနစ်မှာ တကြိမ်၊ ၃ နာရီ ၁၄ မိနစ်မှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိုင်တိုင် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေနံတောင်ကျေးရွာကို စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ကာ နောက်ထပ်အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရေနံတောင်ကို စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းမှာ အသေခံဒရုန်းတွေနဲ့ ၃ ကြိမ်တိုင်တိုင် လာပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ကုလားဘာကျေးရွာက စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပြီးတော့ ရေနံတောင်ကျေးရွာက အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ နောက် အိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတာတွေရှိတယ်။”
စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ် ကုလားဘာကျေးရွာက ဒေါ်မယှဉ်နု (၆၂ နှစ်) ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမှာ ရေနံတောင်ကျေးရွာက ဦးစံလှ (၇၆ နှစ်) ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်း ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးတာ ၅၀၀ ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေကြဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြုလုပ်နေပါတယ်။