DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ ကျေးရွာများကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရ
DVB
·
April 25, 2025
ပခုက္ကူ ကျေးရွာများကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရ
1 / 6
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်နေ့၊ ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦးသေဆုံးကာ ပြည်သူတချို့လည်း ဒဏ်ရာရရှိခဲ့ကြပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးကုန်တယ်လို့ ပခုက္ကူမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့တာဝန်ခံ ကိုစိုးထွဋ်က “ပခုက္ကူမြို့နယ်ထဲက ရွာ ၄ ရွာကို တိုက်လေယာဥ် ၂ စီးနဲ့ ဗုံး ၃ လုံးထက်မနည်းကြဲပြီး တိုက်ခိုက်သွားတာ။ အမျိုးသမီး ၁ ယောက် သေသွားတယ်။ ၃၊ ၄ ယောက်လောက်လည်း ဒဏ်ရာရတယ်လို့တော့ သိထားတယ်။ ကျနော်နဲ့က ဝေးနေတော့ မြေပြင်အနေအခြေက အဲ့ဒိထက်ပိုနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့နယ်ထဲက ဖလံအို၊ ရွာသစ်၊ ဆယ်ပင်စုနဲ့ အောက်ကျင်းကျေးရွာ တွေ ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြတဲ့အပြင် လူနေအိမ် ၅ လုံး၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသူတွေကို ကူညီပေးနေတဲ့ ပခုက္ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “အခု ဗုံးကြဲခံရတဲ့ရွာတွေက သင်္ကြန်ကာလကတည်း လေကြောင်းတိုက်ခိုက်တာ ခံနေရတာ ၃၊ ၄ ကြိမ်ရှိနေပြီ။ အခုတကြိမ်ကလည်း ဆယ်ပင်စုရွာက စစ်ဘေးရှောင်တွေ ယာယီနေကြတဲ့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာတွေ့ရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ အသားလွတ်တိုက်ခိုက်သွားတာလို့ ဆိုရမယ်။ အခုဆုံးသွားတဲ့သူက အသက် ၂၀ လောက်ပဲ ရှိသေးတဲ့ ဆယ်ပင်စုရွာကနေ အဲ့ဒီရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတဲ့ မိသားစုတွေထဲက ကလေးမလေး ၁ ယောက်ပါ။ ကျန်တဲ့ ဒဏ်ရာရသူတွေက PDF ရဲဘော် ၁ ယောက်အပါအဝင် ၄ ယောက်ပါ။ သူတို့တွေထဲမှာလည်း ဗိုက်မှာ ဗုံးစထိတဲ့ ၂ ယောက်ကတော့ စိုးရိမ်ရတယ်။ ဆေးကုသပေးတာတွေတော့ အဆက်မပြတ် လုပ်ပေးနေကြတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့နယ်ထဲက အဆိုပါကျေးရွာတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ထောင်ချီပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ ယာယီစစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်စဲ​တယ်လို့ ကြေညာထားပေမဲ့ တိုက်ပွဲဖြစ်ပွားတာမရှိ တဲ့ ကျေးရွာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန်သတိပေးချက်တွေကို အမြဲတစေနားစွင့်ထားပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဧပြီ ၂၃ ရက် ညနေပိုင်းမှာလည်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထဲကနေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ဖို့ တက်လာတဲ့ စက်တပ်လေထီးတွေထဲက ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပစ်ချကာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013