မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ ဧည့်သည်ကျွေးမွေးဧည့်ခံပွဲကို ကျင်းပနေပြီဖြစ်ပါတယ်။
ချောင်းဆုံ(ဘီလူးကျွန်း)ဘုရားပွဲလို့ ခေါ်ကြပေမယ့် အလှည့်ကျရွာတွေမှာ လာရောက်တဲ့ ဧည့်သည်တိုင်းကို တနေကုန်ကျွေးမွေးဧည့်ခံတဲ့ဓလေ့က ပိုပြီး ထင်ရှားတာဖြစ်ပါတယ်။
သင်္ကြန်အကြိုနေ့ကစလို့ နှစ်ဆန်း ၁၀ ရက်နေ့အထိ ရက်သတ္တ ၂ ပတ်ကြာလောက် ချောင်းဆုံမှာရှိတဲ့ ရွာပေါင်း ၇၈ ရွာမှာ အလှည့်ကျကျင်းပတာဖြစ်ပါတယ်။
တရက်မှာ ၁ ရွာကနေ၊ ၃၊ ၄ ရွာအထိ ဧည့်ခံဖို့ သတ်မှတ်ပြီး အလှည့်ကျတဲ့ရွာတွေကအိမ်တွေမှာ လာရောက်တဲ့ဧည့်သည်တိုင်းကို မနက်စာ၊ ညစာ၊ အချိုပွဲ စသည်ဖြင့် တနေကုန် ဧည့်ခံကျွေးမွေးကြတာဖြစ်ပါတယ်။
ချောင်းဆုံဘုရားပွဲတော်ကို ရိုးရာမပျက် နှစ်တိုင်းကျင်းပကြတာဖြစ်ကြောင်းနဲ့ လှည်းနဲ့ လာရောက်လည်ပတ်တာ နည်းသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ချောင်းဆုံမြို့နယ် ဒေသခံတယောက်က DVB ကိုပြောပါတယ်။
“ဘုရားပွဲက ရပ်ဝေးရပ်နီးကလာကြတဲ့ အမျိုးတွေနဲ့ဧည့်သည်တွေကို အစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံတဲ့ပွဲပါ။ အရင်ကဆိုရင် လှည်းတွေနဲ့တန်းစီပြီးလာကြတာ။ အခုက ကား၊ ဆိုင်ကယ်တွေနဲ့ပဲလာကြတာတွေ့ရလို စိတ်မကောင်းတော့ဖြစ်မိတာပေါ့။”
ဧည့်သည်များများ လာရောက်ကြတဲ့အိမ်က မျက်နှာရပြီး ဧည့်သည်နည်းတဲ့အိမ်တွေက မျက်နှာငယ်ရတယလို့လည်း သူက ဆက်ပြောပါတယ်။
တန်ခူးလဆုတ် ၁၁ ရက်နေ့မှာ အလှည့်ကျတာကတော့ မုဒွန်းကျေးရွာဖြစ်ပြီး လဆုတ် ၁၂ ရက်နေ့မှာ ကညှော်ရွာနဲ့ကမာကေးကျေးရွာ၊ ၁၃ ရက်နေ့မှာ တောင်စွန်းရွာနဲ့ လဆုတ် ၁၄ ရက် နောက်ဆုံးနေ့မှာ ကလွီကျေးရွာမှာ ဧည့်သည်တွေကို ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။
ချောင်းဆုံ(ဘီလူးကျွန်း)ဘုရားပွဲတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က စလို့ စည်စည်ကားကား ကျင်းပလာခဲ့တာလို့ သက်ကြီးပိုင်းဒေသခံတွေကပြောပါတယ်။ ဘီလူးကျွန်းဟာ ဆေးတံ/ကျောက်သင်ပုန်း စတဲ့ လက်မှုပစ္စည်းတွေထွက်တာကြောင့်လည်း ထင်ရှားပါတယ်။