DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ခံရသည့် မန္တလေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အလုပ်သမားရှားပါးမှု ကြုံနေရ
DVB
·
April 23, 2025
ငလျင်ဒဏ်ခံရသည့် မန္တလေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အလုပ်သမားရှားပါးမှု ကြုံနေရ
Donate to DVB

အင်အားပြင်း ငလျင်ဘေးဒဏ် အများဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ကြုံနေရပါတယ်။

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း အဆောက်အအုံ ၅၀,၀၀၀ ကျော်လောက် ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

ငလျင်ဘေးဒဏ် အများဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ ဆောက်လုပ်ရေးအလုပ်သမား အများစုဟာ နေအိမ်၊ အဆောက်အအုံတွေ ဖြိုဖျက်ရာမှာ လုပ်ကိုင်နေတာကြောင့် နေအိမ်တွေ ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့ အလုပ်သမားရှားပါးနေတယ်လို့ မန္တလေးဒေသခံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ငလျင်မတိုင်မီ ဆောက်လုပ်ရေးအလုပ်သမားတယောက်ရဲ့ တနေ့တာ လုပ်အားခက ငွေကျပ် ၁၅,၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာ ငလျင်ကြောင့် အဆောက်အအုံ ဖြိုဖျက်ရာမှာ တနေ့တာ လုပ်အားခက ငွေကျပ် ၃၀,၀၀၀ အထိ ‌ဈေးနှုန်းမြင့်တက်နေတာပါ။

ဒါကြောင့် နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မန္တလေးဒေသခံတယောက်က “အလုပ်သမားတွေက တိုက်အပြိုအပျက်တွေကို လိုက်ပြီးတော့ လုပ်နေတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သမား အခက်အခဲ ရှိနေပါတယ်။ အလုပ်သမားတယောက်ကို တရက် ၁၅,၀၀၀ ဆိုလို့ရှိရင် အလုပ်သမားတယောက်ရဲ့ နေ့တွက် ရတယ်လေ။ အခုက တိုက်အပြိုအပျက် ဖျက်တဲ့ဟာတွေက တရက်ကို ၃၀,၀၀၀၊ ၃၅,၀၀၀ ပေးခေါ်တော့ အဲဒီနောက်ကို အကုန်ပါသွားကြတာပေါ့။ လောလောဆယ် ဒီ တပတ် ၁၀ ရက်က အလုပ်သမား အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေက အခက်အခဲနဲ့ ကြုံနေကြရတာပေါ့။ အဓိကက အလုပ်သမားပြဿနာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးအလုပ်သမားတချို့ကတော့ လုပ်ငန်းခွင်ထဲမှာ ငလျင်ဒဏ်ထိ အဆောက်အအုံတွေ ပြိုကျပျက်စီးမှာ စိုးရိမ်တဲ့အတွက် လုပ်သားရှားပါးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့မှာ အလျား ပေ ၅၀၊ အနံ ပေ ၂၀ ရှိတဲ့ အာစီ သုံးထပ်တိုက်တလုံးကို လူအင်အားနဲ့ ဖြိုဖျက်မယ်ဆိုရင် သိန်း ၅၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

အခုလို လုပ်သားရှားပါးမှု ပြဿနာကြောင့် နေအိမ်တွေ တည်ဆောက်ပေးနေတဲ့ ‌ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ ရက်ကြန့်ကြာမှုတွေ ရှိနေသလို အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ မန္တလေးမြို့က ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

မန္တလေးဒေသခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “အလုပ်သမားရှားပါးတဲ့အတွက် အခက်အခဲဆိုတာက ပုံမှန်ဈေးကွက်လိုပါပဲ။ Demand တအားတက်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က မဖြည့်ဆည်းပေးနိုင်တဲ့ ပျက်ကွက်မှုဒဏ် နည်းနည်းခံရတာပေါ့။ demand တအားတက်နေတဲ့အချိန်မှာ တက်လာတဲ့ demand နဲ့အညီ ဆိုက်တိုင်းကို လူပြည့် အင်အားပြည့် မဆင်းပေးနိုင်တဲ့ အခါကျတော့ ဆိုက်တွေကို အလှည့်ကျဆိုတဲ့စနစ်မျိုးနဲ့ သွားနေရတော့ အိမ်ရှင်တွေရဲ့ မကျေနပ်မှုတွေ၊ စိုးရိမ်မှုတွေ၊ အဲလိုအခက်အခဲတွေကို နေ့တိုင်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ရက်ကလေးစောင့်ပေးပါတို့ သုံးရက်စောင့်ပေးပါတို့ တပတ်စောင့်ပေးပါတို့၊ အဲလိုသွားနေရတာ” လို့ ပြောပါတယ်။

လက်ရှိ မန္တလေးမြို့မှာ ငလျင်ဒဏ်ထိ အဆောက်အအုံတွေ အများကြီးရှိနေပြီး မဖြိုဖျက်နိုင်သေးလို့ အန္တရာယ်ရှိနေတဲ့ အနေအထားမှာ‌ ရှိနေတယ်လို့ ဆိုပါတယ်။

DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း နေအိမ်အဆောက်အအုံပေါင်း ၅၀,၇၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လုံးဝပျက်စီးသွားတဲ့နေအိမ် ၁၂,၈၁၅ လုံးနဲ့ တစိတ်တပိုင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ် ၃၇,၉၁၃ လုံး ရှိနေတာလည်း ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013