
စစ်ကိုင်း ငလျင်ကြီးလှုပ်ပြီးနောက် ရန်ကုန်မြို့မှာ မြေကွက်တွေ အဝယ်လိုက်လာတယ်လို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးအကျိုးဆောင်တွေဆီက သိရပါတယ်။
မြေငလျင်ဖြစ်ရပ်မတိုင်ခင်က တိုက်ခန်း အဝယ်လိုက်တဲ့ အခြေအနေရှိခဲ့ရာကနေ အခုနောက်ပိုင်း မြေကွက်ဘက်ကို ပိုအာရုံစိုက်မှုရှိလာတာလို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ အကျိုးဆောင်တယောက်က “အခုက မူလတိုက်ခန်းပိုင်ရှင်ကနေ မြေကွက်နဲ့ အလဲအထပ် လုပ်ချင်တာမျိုးတွေပါ ရှိလာတာ။ မြေကွက်ပဲ လိုချင်တယ် ဆိုတာတွေ များလာတယ်။ ငလျင်ကြောင့် အခြေအနေအရ ယာယီဖြစ်တာလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒဂုံ ၄ မြို့နယ်နဲ့ ရန်ကုန်မြို့စွန်က ကျပ်သိန်းရာဂဏန်းတန်ကြေးရှိ မြေကွက်တွေကို ဝယ်ယူလိုသူတွေ အာရုံစိုက်လာကြပေမဲ့ အရောင်းအဝယ်ဖြစ်တာနည်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မှော်ဘီမြို့နယ်မှာ နေထိုင်သူတယောက်က “အဝယ်လိုက်တယ် ပြောရမလား မသိဘူး။ အရင်ဝယ်ထားတဲ့ မြေကွက်အလွတ်ကို ပြန်ရောင်းမလားဆိုပြီး ခဏခဏ လာမေးတယ်။ ရောင်းလိုက်ရင်ငွေက တန်ကြေးမရှိတော့ မရောင်းသေးဘူးဘဲ ပြန်ပြောထားရတယ်။ မြေဝယ်ချင်တဲ့ သူတွေကတော့ ဒီဘက်မှာ လာလာရှာနေကြတယ်” လို့ ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့မှာ ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပေမဲ့ ငလျင်လှုပ်တာကို သိသာစွာ ခံစားလိုက်ရတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
အဲဒီငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ ထိခိုက်မှု ဆိုးရွားစွာ ခံစားရကာ သေဆုံးသူ ၄၀၀၀ လောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။