DVB Logo
Home
မြန်မာသတင်း
အမေရိကန်-အာဆီယံဆွေးနွေးပွဲကျင်းပ၊ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် မြန်မာစစ်အုပ်စုကို တောင်းဆို
DVB
·
April 23, 2025
အမေရိကန်-အာဆီယံဆွေးနွေးပွဲကျင်းပ၊ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် မြန်မာစစ်အုပ်စုကို တောင်းဆို
Donate to DVB

မြန်မာစစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေဆီ အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်တွေ ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့မှာ ဧပြီ ၂၂ ရက်က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို အကြီးတန်းအရာရှိ ရှောင် အိုနီးလ်က ခုလို ပြောလိုက်တာပါ။

ဒီအစည်းအ‌ဝေးမှာတော့ မစ္စတာ ရှောင် အိုနီးလ်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အကြီးအကဲ ကွန်ဖော်ခ်တို့က ပူးတွဲသဘာပတိတွေအဖြစ် ပါဝင်ခဲ့ကြသလို အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အကြား   ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်မှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက အာဆီယံဒေသအတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရင်းမြစ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သလို နှစ်ဖက် ကုန်သွယ်မှု ဆက်ဆံရေးတွေမှာ ပိုမိုတရားမျှတမှုနဲ့ အပြန်အလှန်အကျိုးရှိစေမယ့် သမ္မတ ထရမ့်ပ်ရဲ့ ရည်မှန်းချက်ကို အလေးပေးပြောကြားခဲ့ပါတယ်။ 

အားလုံးပါဝင်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုအပြင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့တာ၊ ထွန်းသစ်စနည်းပညာ ဖော်ဆောင်တာ၊ လွတ်လပ်စွာ သွားလာခွင့်ကို မြှင့်တင်တာနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်တွေ အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးကိစ္စတွေဟာလည်း အရေးကြီးကြောင်း ပြောလိုက်သလို တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်အဖြစ် အမေရိကန်က ထောက်ခံကြောင်းလည်း ပြောလိုက်ပါတယ်။

စစ်ကောင်စီ အာဘော်သတင်းတွေမှာတော့ အမေရိကန်-အာဆီယံ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့တယ်လို့ ဖော်ပြပေမဲ့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။

အမေရိကန်အစိုးရ ထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ဒီမိုကရေစီ လမ်းကြောင်းချောမွေ့စေဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ပြန်လည်ထူထောင်ရေးကာလတွေအတွက် အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။

Source ; US. Department of State

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013