DVB Logo
Home
နိုင်ငံတကာ
အာကာသတွင် အစားအစာထုတ်လုပ်နိုင်ရေး ဥရောပအာကာသအေဂျင်စီ စတင်စမ်းသပ်
DVB
·
April 23, 2025
အာကာသတွင် အစားအစာထုတ်လုပ်နိုင်ရေး ဥရောပအာကာသအေဂျင်စီ စတင်စမ်းသပ်
Donate to DVB

အာကာသလိုမျိုး ဆွဲငင်အားနည်းပါးပြီး ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့ ပတ်ဝန်းကျင်မှာ ဥရောပအာကာသအေဂျင်စီ (ESA) က “ဓာတ်ခွဲခန်းထုတ်အစားအစာတွေ” ရဲ့ အလားအလာကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။

ISS နိုင်ငံတကာအာကာသစခန်းအထိ အစားအစာတွေ ပို့ဆောင်တဲ့အခါ ယာဉ်မှူးတယောက်စာက တနေ့ကို ပေါင် ၂၀,၀၀၀ လောက် ကုန်ကျတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

အဲဒီကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့အတွက် ESA ဘက်က နည်းလမ်းသစ်ရှာဖွေရေး သုတေသနလုပ်ငန်းကို ရန်ပုံငွေထောက်ပံ့နေတာ ဖြစ်ပါတယ်။

တကယ်လို့သာ ကမ္ဘာ့ပတ်လမ်းထဲ လွှတ်တင်လိုက်တဲ့ စမ်းသပ်မှု အောင်မြင်ခဲ့ရင် အာကာသယာဉ်မှူးတွေအတွက် အသား၊ အာလူးနဲ့ အချိုပွဲကိုပါ ဆဲလ်တခုချင်းစီကနေ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါဟာ ၂ နှစ်တာကာလအတွင်း ISS အာကာသစခန်းပေါ်မှာ အစားအစာထုတ်လုပ်ရေး ရှေ့ပြေးစက်ရုံငယ်တခု တည်ဆောက်နိုင်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

NASA ရဲ့ ရည်မှန်းချက်အတိုင်း လူသားတွေကို ဂြိုဟ်များစွာမှာ နေထိုင်နိုင်တဲ့ မျိုးစိတ်ဖြစ်အောင် (Multi-Planetary Species) အကောင်အထည်ဖော်မယ်ဆိုရင် ဓာတ်ခွဲခန်းထုတ် စားစရာတွေက မရှိမဖြစ် လိုအပ်လာမှာပါ။

ဒါကြောင့် လက်တွေ့အကောင်အထည်ဖော်နေတဲ့ Frontier Space အဖွဲ့ရဲ့ တည်ထောင်သူ ဒေါက်တာ အကီးလ် ရှမ်ဆူလ် ကတော့ “ကျနော်တို့အိပ်မက်ဟာ အာကာသပတ်လမ်းထဲမှာရော၊ လပေါ်မှာပါ အစားအစာထုတ်လုပ်တဲ့ စက်ရုံတွေကို ထားရှိနိုင်ဖို့ပါ” ဆိုပြီး မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့လည်း ရေရှည်မှာတော့ ဓာတ်ခွဲခန်းကရတဲ့ ပါဝင်ပစ္စည်းတွေကို 3D ပုံနှိပ်စက်ထဲထည့်ပြီး အာကာသစခန်းပေါ်မှာ အသားကင်လိုမျိုး ဘာပဲလိုလို ထုတ်လို့ရနိုင်ပါတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။

အခုလိုမျိုး ဓာတ်ခွဲခန်းထုတ် စားစရာဆိုတာက အဆီ၊ ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ် စတဲ့ ပါဝင်ပစ္စည်းတွေကို စမ်းသပ်ပြွန်အိုးတွေထဲမှာ မျိုးဗီဇပြုပြင်ပြီး ပုံမှန်အစားအစာအတိုင်း အရသာနဲ့ အသွင်အပြင်တူအောင် ထုတ်လုပ်ရတာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ခွဲခန်းထုတ် အစားအစာတွေဟာ ကမ္ဘာပေါ်မှာ မြေယာသုံးစွဲရမှု နည်းပါးတဲ့အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ပါ လျော့ကျစေနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေရှိပြီး အာကာသထဲမှာတော့ ကုန်ကျစရိတ်လျှော့ချဖို့သာ ရည်ရွယ်ထားပါတယ်။

အမေရိကန်နဲ့ စင်ကာပူမှာဆိုရင် ဓာတ်ခွဲခန်းထုတ် ကြက်သားကို ရောင်းချနေပြီ ဖြစ်ပေမဲ့ ဗြိတိန်နဲ့ အစ္စရေးကတော့ ဓာတ်ခွဲခန်းထုတ် အမဲသားအတွက် ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013