Home
ဆောင်းပါး
လူ့ဘီလူး မင်းအောင်လှိုင်ကို စိတ်ကူးယဉ်ကြည့်ပြန်တဲ့ အာဆီယံ
DVB
·
April 21, 2025

အစားကြူးလှတဲ့ လူ့ဘီလူး မင်းအောင်လှိုင်ကို သားသတ်လွတ်စားကာ ဥပုသ်သီလ ဆောက်တည်ဖို့ ဘန်ကောက်မှာ ခေါ်နားချခဲ့တဲ့ပွဲဟာ အောင်မြင်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟငက ဟစ်ကြွေးလိုက်ပေမဲ့ လေကြောင်းတိုက်ခိုက် ဗုံးကြဲချခြင်းတွေကတော့ အစဉ်အလာမပျက် ဝီခေါ်လျက်ပါပဲ။

ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ နိုင်ငံတဝန်း ယာယီ အပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ ဧပြီ ၂ ရက်ကနေ ၁၇ ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါး ပြုလုပ်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်။ မြန်မာ့မီဒီယာ ပလက်ဖောင်းပေါ်မှာလည်း နေ့စဉ် စစ်တပ် ဗုံးကြဲတဲ့သတင်းတွေက ဝုန်းဒိုင်းကြဲ။ ဒါပေမဲ့ မင်းအောင်လှိုင်ကို လေသံပြင်းပြင်းနဲ့ ဝေဖန်ခဲ့ဖူးတဲ့ အန်ဝါ အီဘရာဟင်ဟာ အခု အာဆီယံဥက္ကဋ္ဌ ဖြစ်လာတော့ ထင်တိုင်းကြဲနေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို မမြင်ချင်ယောင်ဆောင်ကာ စိတ်ကူးယဉ်တော့တယ်။

မင်းအောင်လှိုင်နဲ့ အာဆီယံဥက္ကဋ္ဌတို့ တွေ့ဆုံတဲ့ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်) မနက်မှာ မြန်မာပြည်သူတွေသာမက ကမ္ဘာသူ ကမ္ဘာသားတွေပါ ဘေးဘယာတွေ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့နဲ့ ပြည့်စုံပါစေကြောင်း မင်းအောင်လှိုင် ဆုမွန်ကောင်းတောင်းပြီးနောက် နံနက် ၁၀ နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ကာ ဘန်ကောက်မသွားခင် စစ်ကောင်စီ ရပ်တည်ချက် ဘာလဲဆိုတာ သက်သေပြခဲ့တယ်။

နှစ်ဆန်း ၁ ရက်မှာပဲ မင်းအောင်လှိုင်ရဲ့ သမ္မတရူးစတိုင်အတိုင်း အကျဉ်းသား ၄,၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၃၆၉ ဦးသာ ပါဝင်ပြီး လွတ်ငြိမ်းခွင့်ရ နိုင်ကျဉ်းတွေဟာ လွတ်ရက်နီးတွေသာ ဖြစ်ကြောင်း သတင်းတွေက ဆိုတယ်။ DVB ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းမှု ၄ နှစ်ကျော်မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ၁၈ ကြိမ် ပေးခဲ့ပြီး အကျဉ်းသားတသိန်းကျော် လွတ်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၉,၀၀၀ နီးပါး (၈ ဒသမ ၃၁ ရာခိုင်နှုန်း) သာ ပါဝင်တယ်လို့ ဖော်ပြတယ်။ အဲဒါဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးစေတနာ ယုတ်ကန်းမှု အတိုင်းအဆကြီးမားပုံကို သက်သေပြနေပေမဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါက နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းခွင့်ကို ချီးကျူးခဲ့ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်တခုလို့ ဆိုပြန်တယ်။

ဧပြီ ၁၇ ရက် ညနေပိုင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ စီစဉ်ပေးမှုအရ လက်ရှိ အာဆီယံဥက္ကဋ္ဌနဲ့ မင်းအောင်လှိုင်တို့ ဘန်ကောက်မှာ တွေ့တယ်။ အန်ဝါက ငလျင်ဘေးသင့် ပြည်သူတွေကို လူသားစာနာအကူအညီ ထိထိရောက်ရောက် ပေးနိုင်ရေး အဓိက ဆွေးနွေးခဲ့ပြီး အပစ်ရပ်မှသာ လူသားစာနာအကူအညီ ထိရောက်စွာ ပေးနိုင်မယ့်အကြောင်း မင်းအောင်လှိုင် နားဝင်အောင် ရှင်းပြတယ်။

မင်းအောင်လှိုင်နဲ့တွေ့ပြီး နောက်တရက် ဧပြီ ၁၈ ရက်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ အန်ဝါဟာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပြီး စာနာမှု အကူအညီပေးရေးကိုသာ ဆွေးနွေးခဲ့ပြန်တယ်။ ဝန်ကြီးချုပ် အန်ဝါ ပြောတဲ့ ငလျင်ဘေးသင့်ပြည်သူ စာနာမှုအကူအညီပေးရေးဆိုတာ စစ်ကောင်စီထိန်းချုပ်နယ်မြေရော တော်လှန်ရေးအင်အားစု စိုးမိုးထိန်းချုပ်နယ်မြေမှာပါ မြေပြင်ဆေးရုံ ဖွင့်လှစ်နိုင်ရေး၊ ငလျင်ဘေးသင့် ပြည်သူတိုင်း စာနာမှုအကူအညီ ရရှိစေရေးဖြစ်ပြီး NUG အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ်က မြန်မာမှာ အရေးတကြီးလိုအပ်နေတဲ့ ယာယီဆေးရုံ ပို့ဆောင်ဖို့နဲ့ နိုင်ငံကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် လုပ်ဆောင်ဖို့ မင်းအောင်လှိုင်နဲ့ ပွင့်လင်းစွာ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သလို နှစ်ဖက်စလုံးနဲ့ ကနဦးတွေ့ဆုံခဲ့မှုဟာ အရမ်းအောင်မြင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တဲ့ ဧပြီ ၁၇ ရက်၊ ည ၈ နာရီကျော်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာအစွန်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့ရာမှာ အမျိုးသမီးတဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁၈ ရက်၊ နံနက် ၁၀ နာရီကျော်မှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ ပြည်သူ ၁၃ ဦး သေဆုံး၊ မွန်းလွဲ ၂ နာရီခွဲလောက်မှာ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့ရာမှာ ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ ဧပြီ ၁၈ ရက်ဟာ မလေးရှားဝန်ကြီးချုပ်နဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးတဲ့နေ့မို့ မင်းအောင်လှိုင်က ပြည်သူ သတ်ဖြတ်ခြင်းနည်းနဲ့ ကြိုဆိုခဲ့တယ်လို့ ဆိုရပါမယ်။

လက်လှမ်းမီသလောက် သတင်းတွေကို ဆက်လှန်ရရင် ဧပြီ ၁၉ ရက်မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ် ရပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲခဲ့ရာမှာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိ။ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲချရာမှာ ကလေးငယ်နှစ်ဦး အပါအဝင် ၂၄ ဦး သေဆုံး။ မြင်းမူမြို့နယ်၊ ကန်တော်ရွာနားက စစ်ဘေးရှောင်တွေနေတဲ့ တောတိုက်ကို စစ်တပ်က ဗုံးကြဲခဲ့ရာ ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ။ ဒါပေမဲ့ ဝန်ကြီးချုပ် အန်ဝါ ကတော့ မလျှော့သောဇွဲလုံ့လနဲ့ ကနဦးတွေ့ဆုံမှု အောင်မြင်တယ်ချည်း လုပ်နေပါတယ်။

ဒါပေမဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ တွေ့ဆုံမှုဟာ ရလဒ် သုည လို့တော့ ပြောမရပါဘူး။ ဘာလို့လဲဆိုတော့ NUG အစိုးရနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက တစုံတရာ ကန့်ကွက်မှု မရှိတာကြောင့်ပါပဲ။ မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင်ကတည်းက NUG အစိုးရနဲ့ပါ တွေ့မယ့်အကြောင်း ကြိုတင်ပြောထားပေမဲ့ အင်မတန် သဘောထားတင်းမာလှတဲ့ မင်းအောင်လှိုင်က လာတွေ့တာဟာ တစုံတရာ ပျော့ပျောင်းလာပြီလားလို့တောင် အကောင်းမြင်သမားတွေက မျှော်လင့်ကြမယ့်ပုံပါ။

ဆိုတော့ မင်းအောင်လှိုင် ဘာ့ကြောင့် မလေးရှားဝန်ကြီးချုပ်ကို လာတွေ့ရတာပါလဲ။ နံပါတ်တစ် ဖြစ်နိုင်ခြေက ငလျင်ဘေးသင့်ပြည်သူ အကူအညီပေးရေးကိစ္စ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံဥက္ကဋ္ဌက ဖိတ်ခေါ်တကိုတောင် သားသတ်ကောင် မင်းအောင်လှိုင်က လက်မခံဘူး ဆိုတဲ့သတင်း နိုင်ငံတကာ မီဒီယာတွေပေါ် စာလုံးမည်းကြီးနဲ့ ဖော်ပြခံရမှာ ကြောက်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဒုတိယဖြစ်နိုင်ခြေက ငလျင်ဘေးသင့်ကူညီရေးအကြောင်း နားထောင်ရင်းနဲ့ ဒီဇင်ဘာမှာ လုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲအကြောင်းလည်း ပရိုမိုးရှင်း လုပ်နိုင်တာကြောင့်လို့ ထင်ရပါတယ်။ ဧပြီ ၁၇ ရက် မနက်မှာ မင်းအောင်လှိုင်က မြန်မာနှစ်ဆန်း ၁ ရက်၊ နှစ်သစ်ကူးမိန့်ခွန်းဆိုပြီး ပြောကြားရာမှာ ပြည်သူတွေ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ကြပါလို့ ပြောခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာလည်း စစ်ကောင်စီရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်ပြု ထောက်ခံပေးဖို့ မပြောခဲ့ရင်တောင် ရွေးကောက်ပွဲသည်သာ မြန်မာနိုင်ငံရေးထွက်ပေါက် ဖြစ်ကြောင်း ပြောခဲ့နိုင်ပါတယ်။

NUG အစိုးရကတော့ လက်ရှိ မလေးရှားဝန်ကြီးချုပ် လှမ်းလိုတဲ့ ငလျင်ဘေးသင့်ပြည်သူ ထိရောက်စွာ အကူအညီပေးရေးလမ်းအပေါ် ငြင်းစရာမရှိသလို NUG အစိုးရကို အာဆီယံက ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်တာကြောင့်လည်း ခေါင်းယမ်းစရာမရှိပါဘူး။

ဒါပေမဲ့ တွေ့ဆုံမှုတွေအပြီး မျက်မြင်တွေအရ စစ်ကောင်စီက ရမ်းကားသတ်ဖြတ် မပျက်တာကြောင့် မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာ့အရေး စိတ်ကူးယဉ်ချက်ဟာ သမိုင်းဝင်ဟာသအဖြစ် ထင်ကျန်တော့မှာလားလို့ စောင့်ကြည့်ရပါတော့မယ်။

မလေးရှားဝန်ကြီးချုပ်က ငလျင်ဘေးသင့် အကူအညီပေးရေးကနေ အပစ်အခတ်ရပ်စဲရေး။ အဲဒီကနေ နောက်တဆင့် အကြမ်းဖက်မှုတွေရပ်၊ ဘက်အသီးသီးတို့ စားပွဲဝိုင်းမှာ အဖြေရှာကြဆိုတဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရေးအထိ စိတ်ကူးယဉ်ကြည့်မိပုံပါ။

၂၀၂၁ ခုနှစ်၊ ဧပြီတုန်းက အာဆီယံခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူကြောင်း ပြောခဲ့တဲ့ မင်းအောင်လှိုင် နောက်တရက်ကစပြီး ဒီနေ့ထိတိုင် အကြမ်းဖက် သတ်ဖြတ်မှုတွေ တွင်တွင်လုပ်နေတဲ့အပေါ် မလေးရှားဝန်ကြီးချုပ် မေ့သွားလို့ စိတ်ကူးယဉ်ကြည့်မိတာတော့ မဟုတ်ပါဘူး။ အာဆီယံအနေနဲ့ မင်းအောင်လှိုင် စိတ်ကောင်းဝင်လာမယ့်နေ့ကို မျှော်လင့်ပြီး စိတ်ကူးယဉ်ကြည့်တာကလွဲ တခြားလုပ်စရာ မရှိတာကြောင့် ရိုးသားစွာ စိတ်ကူးယဉ်လိုက်တာပါ။

စစ်ကောင်စီအနေနဲ့ အာဆီယံမူ ၅ ရပ်ကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ နောက်ထပ် ခြေတလှမ်းကို အာဆီယံဘက်က ဒီဘဝမှာ ထပ်လှမ်းနိုင်စရာ မရှိပါဘူး။ ဒါ့ကြောင့် မူ ၅ ရပ်ကို စစ်ကောင်စီ မလိုက်နာလည်း အာဆီယံအနေနဲ့ ထိရောက်ပြတ်သားတဲ့ အရေးယူမှု တစုံတရာနဲ့ ဖိအားပေးလို့ မရပါဘူး။ လက်ရှိမှာ စစ်ကောင်စီက ငလျင်ကြောင့် ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်လို့ အော်ဟစ်နေတာတောင် အဲဒီရွေးကောက်ပွဲဟာ အာဆီယံ မူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်မို့ လက်မခံနိုင်ကြောင်း အာဆီယံအနေနဲ့ မကန့်ကွက်နိုင်သေးပါဘူး။

ပြောရရင် အာဆီယံမူ ၅ ရပ်ဆိုတာ လမ်းလည်းဆုံး၊ ပွဲလည်းပြီးနေပြီမို့ မသေချင်ယောင်ဆောင်စရာ တခုတည်းသော နည်းလမ်းက ရတဲ့အပေါက်ကနေ ရသလို မင်းအောင်လှိုင် လိုက်လျောလာနိုင်မလား ဆိုပြီး စိတ်ကူးယဉ်ကြည့်ခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်း ထိုင်နေတာထက်စာရင် စိတ်ကူးယဉ်ကြည့်တာ မမှားဘူးလို့ လက်ရှိ အာဆီယံဥက္ကဋ္ဌကြီးက ခံယူထားပုံပါ။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024