
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူးရီးခရိုင်ထဲမှာ လွန်ခဲ့တဲ့ တလကျော်က လေ့လာရေးကား မှောက်ပြီး လူ ၂၀ ကျော် သေဆုံးခဲ့တဲ့ နေရာအနီးမှာ ဒီကနေ့ ဧပြီ ၂၁ ရက် မနက် ၂ နာရီကျော်မှာလည်း နောက်ထပ် ခရီးသည်တင် ၂ ထပ်ဘတ်စ်ကားကြီးတစီး မီးလောင်ပြီး လူ ၈ ယောက် သေဆုံးကာ ၄၀ နီးပါး ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါခရီးသည်တင်ဘတ်စ်ကားဟာ ထိုင်းအရှေ့မြောက်ပိုင်း နောင်ခိုင်မြို့မှ ထိုင်းအရှေ့တောင် ပိုင်း၊ လယောင်းမြို့သို့ ဦးတည်ထွက်ခွာလာခဲ့တယ်၊ နားဒီးမြို့နယ်၊ ဘူဖရာမ်းရပ်ကွက်၊ အမှတ် ၃၀၄ အဝေးပြေးလမ်း၊ ဆန်ပူထွန်းနတ်ကွန်းအနီးကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်လို့ ရပ်ထားတဲ့ ၁၈ ဘီးတပ် ကုန်တင်ကားကြီးကို အရှိန်နဲ့ ဝင်တိုက်ကာ မီး လောင်ပေါက်ကွဲသွားတာလို့ ခရီးသည်တွေက ပြောပါတယ်။
ကားပေါ်မှာ ယာဉ်မောင်း ၂ ယောက်၊ ကားစပါယ်ယာ ၂ ယောက်နဲ့ ခရီးသည် ၄၄ ယောက်လိုက်ပါ လာတယ်၊ အခင်းဖြစ်တဲ့နေရာမှာ ၇ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၃၀ ကျော် နီးစပ်ရာဆေးရုံကို ပို့ထားတယ်၊ ဆေးရုံမှာ တယောက် ထပ်ဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
ကားမီးလောင်မှု မတိုင်ခင်ရှေ့က အဆိုပါနေရာမှာ ၁၈ ဘီးတပ် ကုန်တင်ကားတစီးနဲ့ ပလောပီနံဥတွေအပြည့်တင်လာတဲ့ ၆ ဘီးကား ၂ စီးတို့ ရှေ့နောက် ဆင့်ကဲယာဉ်တိုက်မှု ဖြစ်နေလို့ ယာဉ်ကြောပိတ်နေတယ်။
ဒီအချိန် ခရီးသည်တင် ၂ ထပ်ကားမှာ ဘရိတ်ချို့ယွင်းမှုဖြစ်လို့ လမ်းဘေးမှာရပ်နားဖို့ ကြိုးစားပေမဲ့ လမ်းကျဉ်းပြီး ရပ်မရလို့ ဆက်မောင်းလာစဉ် လမ်းအကွေ့ ကုန်းဆင်းမှာ ဘရိတ်အုပ်လို့ လုံးဝမရတော့ဘဲ ရပ်နေတဲ့ ကုန်တင်ကားကြီးကို ကုန်းဆင်းအရှိန်နဲ့ ပြင်းစွာတိုက်မိသွားတာလို့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက ပြောပါတယ်။
ဒီမတိုင်ခင် ယာဉ်တိုက်မှုဖြစ်ထားတဲ့ ကုန်တင်ကားတွေပေါ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါနေရာမှာ လမ်းအကွေ့ ကုန်းဆင်းဖြစ်ပြီး အရင်ကလည်း မတော်တဆထိခိုက်မှု မကြာ မကြာ ဖြစ်ပွားခဲ့တယ်။
ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ လေ့လာရေးခရီးထွက်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပြီး လူ ၂၀ ကျော် သေဆုံး ၂၀ ကျော် ဒဏ်ရာရခဲ့သေးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thai PBS / MCOT News