
ကရင်စစ်ဘေးရှောင် ၁၁၇ ယောက်ကို ဧပြီ ၂၀ ရက် ညနေပိုင်း ၄ နာရီလောက်မှာ ထိုင်းစစ်တပ်နဲ့ ထိုင်းဌာနဆိုင်ရာတာဝန်ရှိသူတွေက မဲဆောက်မြို့ကနေ မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ကမ်းကနေ တဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မော်ဖားသူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းအပြီးမှာ ကရင်စစ်ရှောင် ၁၁၇ ယောက်ကို နေရပ်ပြန်ပို့လိုက်တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မော်ဖားသူး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်၊ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူတွေ အသက်ဘေးလွတ်ဖို့ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး တာ့ခ်ခရိုင်၊ မယ်လမမြို့နဲ့ ကျူ့တိုက်နယ်ဘက်ကို ဒေသခံ ကရင် ယာယီစစ်ရှောင်တွေ ရာနဲ့ချီပြီး ထွက်ပြေးလာခဲ့ကြတာပါ။
မော်ဖားသူး စစ်ကောင်စီစခန်းကနေ မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်း၊ ဗုံးသီးတွေနဲ့ ကျည်ဆန်တွေနဲ့ အတူ လက်နက်ကြီးငယ်များစွာကို ကရင်တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။











