DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်ရှောင်များနေသည့် စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ဦးသေဆုံး 
DVB
·
April 21, 2025
ရွှေဘိုတွင် စစ်ရှောင်များနေသည့် စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ဦးသေဆုံး 
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ကိုယ်ဝန်ဆောင်အပါအဝင် ၂ ယောက် သေဆုံးပြီး ၉ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ရွှေဘိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “ကွန်ဆိပ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံနေထိုင်နေတဲ့ စာသင်ကျောင်းကို မိတ္ထီလာလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာပါ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အဆိုပါစာသင်ကျောင်းအတွင်း ယာယီခိုလှုံနေကြတဲ့ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် အပါအဝင် နောက်ထပ် အမျိုးသမီးတယောက်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၉ ယောက်ထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတယောက်က “အဲဒီရွာက ပန်းလှိုင် ပျူရွာစခန်းနဲ့ ၃ မိုင်လောက်ပဲ ဝေးတာ။ ပန်းလှိုင်ပျူရွာက စစ်သားနဲ့ ပျူတွေ ရိက္ခာပြတ်ရင် ဒီကွန်ဆိပ်ရွာကို ခဏခဏဝင်စီးနေကျမို့လို့ တချို့တွေက ရွာထဲ ပြန်မနေရဲကြတာ ကြာပြီ။ အခု ဗုံးကြဲခံရတာကလည်း ပန်းလှိုင်ရွာက ပျူတွေက သတင်းပို့လို့ပဲ ဖြစ်မယ်။ ဗုံးကြဲခံရတဲ့ စာသင်ဆောင်ကတော့ တခြမ်းပြိုကျသွားတယ်။ ဆုံးသွားတဲ့ အမျိုးသမီးတွေထဲက ကိုယ်ဝန် ၉ လလောက်ရှိတဲ့ အမျိုးသမီးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေက ဗိုက်ခွဲပြီး ကလေးကို ကယ်ခဲ့ပေမဲ့ ကလေးလည်း အသက်မရှင်ခဲ့ဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ တခြားနေရာတွေမှာ ရွှေ့ပြောင်းပြီး ဆေးကုသမှုတွေ ဆက်လက်ဆောင်ရွက်ပေးနေကြပါတယ်။ အဲဒီထဲမှာတော့ စိုးရိမ်ရတဲ့သူ မပါဘူးလို့တော့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီ ထောက်ခံသူတွေကတော့ အဆိုပါကျေးရွာတွေအတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်လို့ သတင်းရတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်က ၂၂ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပေမဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013