
မကွေးတိုင်း၊ မြိုင်မြို့မှာ ဧပြီ ၂၀ ရက် မနက် ၆ နာရီခွဲဝန်းကျင်က စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ဆီကနေ သိရပါတယ်။
မြိုင် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “မြိုင် မြောက်ဘက်မှာ ဖွင့်ထားတဲ့ စစ်တပ်ဂိတ်ကို ဝင်ပစ်ခဲ့တာပါ။ စစ် (--) ၂ ကောင် သေတယ်။ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖရဲ့ အညာတပ်ပေါင်းစု၊ ပွိုင့်တထောင်-ဗိုလ်ပြောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယျာက “သူတို့ဂိတ်နားကို အနီးကပ် ဝင်ပစ်ခဲ့တာ။ ၂ ယောက် သေပြီးတော့ တချို့က ထွက်ပြေးသွားကြတယ်။ သေတဲ့ ၂ ယောက်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းပြီး ရဲဘော်တွေ ပြန်ဆုတ်လာတာ အားလုံးအန္တရာယ်ကင်းတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း MA1 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်နဲ့ ကာဘိုင်ကျည် ၂၃ တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။
မြိုင် ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေအပြင် စစ်ကောင်စီလက်အောက်ခံတွေနဲ့ နီးနီးကပ်ကပ် မနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။