မန္တလေးတိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ ဧပြီလဆန်းကနေ ၁၉ ရက်အထိ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး အရပ်သား ၄၀ ကျော် သေဆုံး၊ ၆၀ လောက် ဒဏ်ရာရခဲ့ပြီး နိုင်ငံတကာက စောင့်ကြည့်အရေးယူပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး(MDY PDF)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ အရပ်ဘက်ပစ်မှတ်တွေကို အခုတလော လေကြောင်းကနေ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အထိ MDY PDF လှုပ်ရှားနယ်မြေတွေထဲက သပိတ်ကျင်းမြို့နယ်မှာ ၁၃ ကြိမ်၊ စဉ့်ကူးမြို့နယ်မှာ ၄ ကြိမ်၊ မတ္တရာမြို့နယ်မှာ ၁ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်တာတွေကြောင့် အနည်းဆုံး ကလေးငယ် ၇ ယောက် အပါအဝင် ၄၁ ယောက်သေဆုံးပြီး ၅၈ ယောက်ကျော် ဒဏ်ရာရတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ မဟုတ်ဘဲ အများပြည်သူ သွားလာလှုပ်ရှားရာစျေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် အရပ်သားလူနေအိမ်တွေ ဖြစ်ပြီး စာသင်ကျောင်း တကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း ၅၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့် ကူညီဆောင်ရွက်ပေးဖို့ ခုခံစစ်ကလွဲပြီး ထိုးစစ်အားလုံး ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတာကို MDY PDF က အတိအကျလိုက်နာနေသလို စစ်ကောင်စီကလည်း ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီဟာ အပစ်ရပ်မယ်ဆိုတဲ့ ကာလတလျှောက် လေကြောင်းကရော မြေပြင်မှာပါ ထိုးစစ်တွေနဲ့ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
အခုလို အရပ်သားပစ်မှတ်တွေအပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာ၊ အထူးသဖြင့် အခုလို လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ထားချိန်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တရုတ်၊ အိန္ဒိယ၊ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်၊ ရုရှားလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့လိုပြီး စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန်အရေးယူကြဖို့လည်း MDY PDF က တိုက်တွန်းပါတယ်။