DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ဗလီများ ပျက်စီးသွားသဖြင့် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန် အခက်တွေ့၊ ပြိုကျဗလီများ ပြန်ဆောက်ခွင့်ရလို 
DVB
·
April 20, 2025
ငလျင်ကြောင့် ဗလီများ ပျက်စီးသွားသဖြင့် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန် အခက်တွေ့၊ ပြိုကျဗလီများ ပြန်ဆောက်ခွင့်ရလို 
Donate to DVB

အင်အားပြင်းငလျင်ကြောင့် ဗလီတွေ ပြိုကျပျက်စီးခဲ့တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဝတ်ပြုဖို့ အခက်အခဲဖြစ်နေသလို ပြိုကျသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့် အမြန်ဆုံးရရှိဖို့ မျှော်လင့်နေပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ရှားခဲ့တဲ့  ပြင်းအားပမာဏ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံအနှံ့ ထိခိုက်သေဆုံးမှုများခဲ့ပြီး အိုးအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံအများအပြားလည်း ပြိုကျပျက်စီးခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့ဖြစ်ပြီး ဝတ်ပြုနေတဲ့အချိန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ဗလီတွေ ပြိုကျပျက်စီးမှုကြောင့် ဝတ်ပြုနေတဲ့ အစ္စလာမ်ဘာသာဝင် အများအပြားလည်း သေဆုံးခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအနှံ့က ဘာသာရေး အဆောက်အအုံပေါင်း ၉၆၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး အဲဒီထဲမှာ ဗလီ ၁၃၅ ခုလည်းပါဝင်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးတာ ၂၃ ရက်ကြာမြင့်ခဲ့ပေမဲ့ ပြိုကျသွားတဲ့ ဗလီတွေမှာ ရှင်းလင်းရေးတွေ လုပ်ဆောင်လို့ မပြီးသေးတဲ့အတွက် ဝတ်ပြုဖို့အခက်အခဲတွေလည်း  ကြုံနေရတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ပြောကြပါတယ်။

နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လှုပ်နေတဲ့အတွက် ပျက်စီးသွားတဲ့ ဗလီတွေဟာလည်း ပြိုကျနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် ပိတ်ထားရတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တယောက်က “ပြိုကျသွားနိုင်တဲ့အတွက် တချို့ဗလီတွေဆို လုံးလုံးပိတ်ထားရပါတယ်။ ဗလီတွေဆိုရင် သာသနိကတွေကို အစိုးရဘက်က ပြန်လည်ဆောက်မိန့်ခွင့်ပြုချက်ကို ကျနော်တို့က ပေးစေချင်တယ်။ ကုန်ကျစရိတ်ကို အစိုးရဘက်က ထုတ်ပါ ဆိုတဲ့အနေအထား အစိုးရမှာလည်း မရှိဘူး။ ကျနော်တို့နည်းနဲ့ ကျနော်တို့ အလှူရှင်တွေ ရှိတယ်၊ ပျက်နေတဲ့ အဆောက်အဦတွေ သာသနိက အဆောက်အအုံတွေကို အစိုးရဘက်က တတ်နိုင်တဲ့ ပေးသင့်ပေးထိုက်တဲ့ ခွင့်ပြုချက်လေးတွေကိုတော့ အလျင်အမြန် ပေးစေလိုပါတယ်။ ဒါမှ ကျနော်တို့ ဝတ်ပြုလို့ရမယ်။ နေထိုင်လို့ရမယ်ပေါ့နော်။ အဲဒီအပိုင်းလေးကိုတော့ ကျနော်တို့က ဖြစ်စေချင်ပါတယ်”လို့ ပြောပါတယ်။

စစ်အုပ်စု အဆက်ဆက်က ဗလီတွေကို တရားဝင်ဆောက်လုပ်ခွင့်မပြုခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်တဲ့အတွက် ငလျင်လှုပ်ခတ်တဲ့အခါမှာ အဆောက်အအုံတွေက ခံနိုင်ရည်မရှိဘဲ ပြိုကျပျက်စီးခဲ့တာလို့ အစ္စလာမ်ဘာသာဝင်တွေက ပြောကြပါတယ်။

ဝတ်ပြုနေထိုင်ကြဖို့ အခက်အခဲတွေ ကြုံနေရတဲ့အတွက် ပြိုကျသွားတဲ့ ဗလီတွေ တည်ဆောက်နိုင်ဖို့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ခွင့်ပြုချက်ပေးဖို့ ဘာသာရေးအသိုက်အဝန်းက တောင်းဆိုထားကြပါတယ်။

အစ္စလာမ်ဘာသာရေးဆရာ ဦးသိန်းဝင်းအောင်က “မူလ ပုံစံမပျက်ဘဲ ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာလို့ဆိုတော့ ကျနော်တို့ ဗလီတွေဆောက်ခွင့်မရတာ နှစ်ပေါင်း ၆၀ ကျော်ပြီ တရားဝင်ဆောက်ခွင့်မရဘူး။ အခုတိုးတက်လာတဲ့ လူဦးရေနဲ့ ဒီဗလီနဲ့ မဆံ့ဘူး။ အဲဒါကြောင့်မလို့ ကျနော်တို့ တောင်းဆိုရမှာပေါ့။ တောင်းဆိုပြီး ညှိနှိုင်းရမယ်၊ လူဦးရေရှိသလောက် မြေရှိရင် အရှိအတိုင်း ဆောက်နိုင်အောင် လုပ်ရမှာဖြစ်ပါတယ်။ မူလပုံစံအတိုင်း ဆိုတာကတော့ ဒီခေတ်နဲ့ မဆံ့ပါဘူး ခင်ဗျာ”လို့ ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့နယ် ၆ မြို့နယ်မှာ ဗလီ ၅၈ ခု၊  အမရပူရမြို့နယ်မှာ  ၁၈ ခု၊ ကျောက်ဆည်ခရိုင် ၂၂ ခု၊  တံတားဦးခရိုင်မှာ ၁ ခု၊ မိတ္ထီလာခရိုင် ၁၈ ခု၊  ရမည်းသင်းခရိုင် ၁၈ ခု အသီးသီး ပျက်စီးခဲ့တယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013