DVB Logo
Home
မြန်မာသတင်း
ဖားကန့် ရေမဆေးကျောက်သမား သေဆုံးမှု လျော်ကြေးသိန်း ၄ ထောင် တောင်းဆို
DVB
·
November 7, 2014
ဖားကန့် ရေမဆေးကျောက်သမား သေဆုံးမှု  လျော်ကြေးသိန်း ၄ ထောင် တောင်းဆို
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူရွယ်တဦး ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက သက်ဆိုင်ရာကုမ္ပဏီကို ကျပ်သိန်းပေါင်း ၄ ထောင် ပေးလျော်ဖို့ တောင်းဆိုထားပါတယ်။

[caption id="attachment_53562" align="alignright" width="300"]ရေမဆေးကျောက် ရှာဖွေနေကြသူများ ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]သေဆုံးသူရဲ့ မိဘ၊ ကုမ္ပဏီကိုယ်စားလှယ်၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ သတင်းရဲတပ်ဖွဲ့တွေပါ ပါဝင်တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းက ဖားကန့်ကချင်ရိုးရာအိမ်တော်မှာ တွေ့ဆုံမေးမြန်းအပြီး ခုလိုတောင်းဆိုလိုက်တာလို့ ဖားကန့်အမျိုးသားဒီမိုကရေစီနာယက ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“သေဆုံးတဲ့သူရဲ့ အဖေကပြောတာပေါ့နော်။ သူတို့ဘိုးစဉ်ဘောင်ဆက် သမိုင်းထဲမှာ ဒီလို အဖြစ်ဆိုးမျိုးကြုံရတာ မရှိဖူးဘူး။ သူတို့သားက ကုမ္ပဏီဝင်းထဲမှာ အလုပ်လုပ်ပြီး အဲဒီ ၀င်းထဲမှာပဲ သေဆုံးရတယ်။ ပြီးတော့ အလောင်းကလည်း ကုမ္ပဏီရဲ့ မြေစာကားပေါ် ပါလာတဲ့အတွက် ကုမ္ပဏီမှာ တာဝန်ရှိတယ်ပေါ့။ ဒီအတွက် နစ်နာမှု လျော်ကြေး သိန်းပေါင်း ၄ ထောင် တောင်းဆိုတယ်။ မနေ့ကလာတဲ့ လူထုတွေ အားလုံးရှေ့မှာ။ ကုမ္ပဏီ ကိုယ်စားလှယ်က သူတို့အထက်လူကြီးကို ပြန်မေးရမှာမို့ လာမယ့် တနင်္လာနေ့ (နိုဝင်ဘာ ၁၀) မနက် ၁၀ နာရီ ပြန်ဆုံဖို့ ချိန်းထားပါတယ်။”

ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ၂ ဦးကတော့ ဖြစ်စဉ်ပေါ်မူတည်ပြီး ဥပဒေကသတ်မှတ်ထားတဲ့ လျော်ကြေးအတိုင်းသာ ပေးလျော်မယ့်အကြောင်းနဲ့ သေဆုံးတဲ့ကိစ္စဟာ မတော်တဆထိခိုက်မှု၊ ဒါမှမဟုတ် အလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ကြောင်း သူကဆက်ပြောပါတယ်။

သေမှုသေခင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စုံစမ်းစစ်ဆေးနေပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာသား လမုန်ဂွမ်ဂျာအောင် ဆိုသူဟာ တောက်ပကြယ်ကုမ္ပဏီဝင်းထဲမှာ ရေမဆေးကျောက်ရှာဖွေရင်း အောက်တိုဘာ ၃၁ ရက်နေ့ညက ပျောက်ဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ မြေစာပုံကြားထဲကနေ အပိုင်းပိုင်းပြတ်နေတဲ့ သူ့ရဲ့အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အရင်းအနှီးမဲ့ ရွာသားအများစုဟာ ကျောက်တူးဖော်ရေးကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာတွေကြား ရေမဆေးကျောက်တွေကို လိုက်လံရှာဖွေလုပ်ကိုင်နေပြီး ရံဖန်ရံခါ ကုမ္ပဏီတွေရဲ့ မောင်းထုတ်မှု၊ စစ်တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံရလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013